မြောက်ဦးယဉ်ကျေးမှုပြတိုက် လက်နက်ကြီးကျကာ ပျက်စီးမှုများ

မြောက်ဦးယဉ်ကျေးမှုပြတိုက် လက်နက်ကြီးကျကာ ပျက်စီးမှုများ

ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်ရာ ရခိုင်ရှေးဟောင်းအမွေအနှစ် မြောက်ဦး ယဉ်ကျေးမှုပြတိုက်အတွင်း ကျရောက်ပြီး ပျက်စီးမှုများကြောင်း ဒေသခံများထံမှ သိရသည်။ 

ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ် ခမရ(၅၄၀)နှင့် ခမရ(၃၇၇)တပ်တို့က ပစ်ခတ်သည့် လက်နက်ကြီးများ နေအိမ်များနှင့် မြောက်ဦး ယဉ်ကျေးမှုပြတိုက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယဉ်ကျေးမှုပြတိုက်အတွင်း ‌ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးမှုကို မသိရသေးသော်လည်း ရှေးဟောင်းကျောက်စာများ ပျက်စီးဆုံးရှုံးသွားသည်ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် မြောက်ဦးမြို့ ငွေတောင်ပေါက်တံတားရှိ ငွေတောင်ပေါက်ရဲစခန်းနှင့် သူတော်မတောင်စခန်းတို့ကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခိုက်ခဲ့ပြီး‌နောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားရာနေရာသို့ မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီ ခမရ (၅၄၀)နှင့် ခမရ (၃၇၇)တို့မှ မြောက်ဦးမြို့နှင့် အနီးအနားရှိ ကျေးရွာများအား လက်နက်ကြီးဖြင့် အကြိမ်(၁၀၀)ကျော် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်တစ်လုံး မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်တွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ရပြီး အသက် (၁၄)နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အမျိုးသား (၂)ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ရွာဟောင်းတောကျေးရွာအတွင်းကိုလည်း လက်နက်ကြီး(၂)လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက်(၄၀)အရွယ် ဒေသခံအမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် မြောက်ဦးအခြေစိုက် ခမရ (၅၄၀)တပ်ရင်းမှ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်အတွင်းသို့ ကျရောက်ပြီး ဒေသခံလင်မယား (၂)ဦး သေဆုံးသွားခဲ့ပြီး အသက်(၅)နှစ်အရွယ် သမီးဖြစ်သူတွင် ဘယ်လက် ပြတ်ထွက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်ဟု သိရသည်။

မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်း ယူနက်စကို ဝင်ရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: CJ