ကြာအင်းဆိပ်ကြီးမြို့ စစ်တပ်အခြေစိုက်ရာ နေရာများကို တော်လှန်ရေးတပ်များတိုက်ခိုက် 

ကြာအင်းဆိပ်ကြီးမြို့ စစ်တပ်အခြေစိုက်ရာ နေရာများကို တော်လှန်ရေးတပ်များတိုက်ခိုက် 
နိုဝင်ဘာ 3, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့အတွင်းရှိ စစ်ကောင်စီတပ်အခြေစိုက်ရာ နေရာများနှင့် မြို့ပတ်ပတ်လည်ရှိ စစ်တပ် ဗျူဟာ၊တပ်ရင်း နောက်တန်းဌာနချုပ်များအား ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့ကစတင်ပြီး တော်လှန်ရေးတပ်များက တိုက်ခိုက်နေကြောင်း သိရသည်။

အောက်တိုဘာလ (၂၅)ရက်နေ့တွင် ခလရ(၃၂)တပ်ရင်း ဗဟိုကင်း၊ အောက်တိုဘာလ (၂၆)ရက်နေ့တွင် ခလရ(၂၈၃) တပ်ရင်း ဗဟိုကင်း၊ အောက်တိုဘာလ (၂၇)ရက်နေ့တွင် ကြာအင်းဆိပ်ကြီး ဗျူဟာတို့ကို ဒရုန်းဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ (၂)ရက်နေ့က ဖြစ်ပွားခဲ့သည့် မြို့တွင်း တိုက်ပွဲများအတွင်း ခလရ(၃၂)၊ ကြာအင်းဆိပ်ကြီးမြို့ ရဲစခန်း၊ ဇမိခန်းမ၊ အားကစားရုံအပါအဝင် စစ်ကောင်စီတပ်စွဲထားရာ နေရာအနှံ့အပြားကိုလည်း Cloud Wingsဒရုန်းတပ်ဖွဲ့မှ ၁၀၇ မမ၊ ၈၁ မမ၊ ၆၀ မမ ဗုံးသီးများစွာ အသုံးပြုပြီး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

၎င်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်စွဲရာနေရာ အများအပြား ပြိုကျပျက်စီးသွားပြီး စစ်ကောင်စီတပ်သားများ ထိမှန်သေဆုံးသူ ရှိသည်ဟု ဆိုသည်။

ပူးပေါင်းတပ်ဖွဲ့မှ Lion Battalion စစ်ကြောင်းမှူး အပါအဝင်၊ PDF ရဲဘော်အချို့ ကျဆုံးခဲ့ရပြီး ရဲဘော်တချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်အပါအဝင် လက်နက်ကြီးများဖြင့် မြို့ပေါ်လူနေရပ်ကွက်အတွင်းသို့ ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား (၂)ဦးခန့် သေဆုံးခဲ့ရပြီး (၂၀)ဦးခန့် ဒဏ်ရာရရှိခဲ့ကာ နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးစီးဦးဆောင်မှုဖြင့် Lion Battalion စစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF၊ ဂဠုန်စစ်ကြောင်း၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့၊ Federal Wings၊ SDDF အစရှိသည့် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ Cloud Wings ဒရုန်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Cloud Wings