ဆီဆိုင်မြို့ရှိ စကစဌာနဆိုင်ရာရုံးများကို PNLA ထိန်းချုပ်၊ မြို့ပြင်ရှိ တပ်ရင်းနှစ်ခုကိုလည်း သိမ်းထားဟု ဒေသခံများပြော 

ဆီဆိုင်မြို့ရှိ စကစဌာနဆိုင်ရာရုံးများကို PNLA ထိန်းချုပ်၊ မြို့ပြင်ရှိ တပ်ရင်းနှစ်ခုကိုလည်း သိမ်းထားဟု ဒေသခံများပြော 
ဇန်နဝါရီ 25, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာရုံးများနှင့် ရဲစခန်းများကို PNLAတပ်များက ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့တွင် ထိန်းချုပ်ထားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ (၂၄)ရက်နေ့ ညနေပိုင်းတွင် ဆီဆိုင်တောင်ပိုင်း ပုံလောင်းဒေသကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်ဗုံးကြဲပြီးနောက် ဆီဆိုင်မြို့အတွင်း တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကာ ည(၇)နာရီဝန်းကျင်တွင် ရဲစခန်းသိမ်းခံရပြီး ယနေ့ ဇန်နဝါရီလ (၂၅)ရက်နေ့တွင် ဌာနဆိုင်ရာရုံးများကို သိမ်းပိုက်ထားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“ဒေသခံတော်တော်များများက ဆီဆိုင်မှာတော့မရှိတော့ပါဘူး။ အဲဒါကြောင့် ခမရ(၄၂၄)နဲ့ (၄၂၃) တပ်နှစ်ခုကို ရောက်မ၊ ရောက် အတည်မပြုပေးနိုင်ပါဘူးဗျ။ ဒါပေမယ့် ရုံးတွေကို သိမ်းထားပြီဆိုတာတော့ အတည်ပြုပါတယ်။ တပ်နှစ်ခုလုံးက တပ်မိသားစု‌တွေကလည်း ရှေ့ရက်တွေကတည်းက ပြောင်းထားတာမို့ အင်အားနည်းနေပါတယ်။ ‌မနေ့ကစပြီး လေယာဉ်တွေနဲ့ စပစ်ခတ်လာတာပါ။ ဒီနေ့နေ့လယ်လည်း လေယာဉ်တွေနဲ့ ပစ်နေပါတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ထို့အပြင် ဆီဆိုင်မြို့ဒေသခံတစ်ဦးကလည်း ဆီဆိုင်မြို့အတွင်း PNLAတပ်များ နေရာယူထားပြီဖြစ်ပြီး မြို့နှင့် နှစ်မိုင်ခန့်အကွာတွင် ရှိနေသည့် ခမရ(၄၂၄)နှင့် (၄၂၃)တပ်ရင်းများကိုလည်း PNLAတပ်များက ယနေ့တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း Tachileik News Agency ကိုပြောသည်။

အဆိုပါကိစ္စကို သိရှိနိုင်ရန် PNLAတပ်ဖွဲ့မှ တာဝန်ရှိသူများကို Tachileik News Agencyက ဖုန်းဆက်သွယ်နေသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ဆီဆိုင်မြို့ခံများသည် တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်သဖြင့် ယမန်နေ့ကပင် ထွက်ပြေးတိမ်းရှောင်နေရာ မြို့လုံးကျွတ် တိတ်ဆိတ်နေသည်ဟုလည်း သိရသည်။

#TachileikNewsAgency