မြောက်ဦးမြို့၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ မြေပြင်အချက်အလက်ပိတ်ပင်ထားသဖြင့် အကူအညီများရောက်မလာ

မြောက်ဦးမြို့၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ မြေပြင်အချက်အလက်ပိတ်ပင်ထားသဖြင့် အကူအညီများရောက်မလာ

မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများ မြေပြင်အခြေအနေအချက်အလက်များကို ပိတ်ပင်ထားသဖြင့် ကူညီကယ်ဆယ်ရေးများမှာ မြောက်ဦးမြို့ပေါ်တွင်သာ ရရှိနေပြီး ကျေးရွာများတွင်မူ မည်သည့်အကူအညီမှ မရရှိဘဲ ဒုက္ခရောက်နေကြောင်း ဒေသခံကူညီ ကယ်ဆယ်ရေးလုပ်နေသူများထံက သိရသည်။



"မြေပြင်ဘက်ကို ကျွန်တော်တို့ ဆက်သွယ်ခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူးကိုပေါ့။ သတင်းအချက်အလက်မမျှလို့ ကူညီရေးအဖွဲ့တွေမရောက်တာပါ။ ဖုန်းဆက်လို့ရတယ်။ အချက်အလက်တွေကို မပြောပြတာ။"ဟု ဒေသခံကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက Tachileik News Agency ကိုပြောသည်။



အုပ်ချုပ်ရေးမှူးများသည် မည်သည့်အတွက်ကြောင့် ယင်းကဲ့သို့ အချက်အလက်များ ပိတ်ပင်ထားသည်ကို မသိရသည့်အပြင် ၎င်းနည်းတူ စစ်ကောင်စီဘက်ကလည်း ကုန်းလမ်း၊ ရေလမ်းများနှင့် သယ်လာသည့် ကယ်ဆယ်ရေးပစ္စည်းများကို စစ်ဆေးမေးမြန်းခြင်း၊ နိုင်ငံတကာအကူအညီများကို ပိတ်ပင်ထားခြင်းများရှိ နေသည်ဟုသိရသည်။



UNOCHA ၏ မေလ(၃၁)ရက်နေ့ သတင်းထုတ်ပြန်ချက်ရ မုန်တိုင်းသင့် ရခိုင်ဒေသကို အကူအညီများဝင်ရောက်ရေးမှာ စစ်ကောင်စီ၏ ဝင်ရောက်ခွင့်အတည်ပြုချက်ကို စောင့်ဆိုင်းနေရဆဲဖြစ်သည်ဟု ဆိုသည်။



မိုခါမုန်တိုင်းကြောင့် မြောက်ဦးဒေသတွင် ရွာ(၁၀)ရွာ၊ အိမ်ခြေ (၁၆၀၀၀)ကျော်ပျက်စီးခဲ့ရပြီး စစ်ကောင်စီအပြင် ရက္ခိုင့်တပ်တော် (AA)ဘက်ကလည်း အကူအညီများ ရောက်မလာခဲ့ဟု မုချာကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။



"အကူအညီတွေ လုံးဝမရဘူး။ အဖွဲ့အစည်းတွေက မြို့ပေါ်တွေမှာပဲ ကူညီနေတာတွေ့ရတယ်။ မိုးကလည်း ရွာလာပြီဆိုတော့ ကိုယ့်မှာရှိတဲ့ ငွေလေးနဲ့ပဲ ကိုယ်ထူကိုယ် အိမ်ပြင်တာတွေ လုပ်နေကြရတယ်။ အခုပျက်စီးသွားတာက တော်တော်များတယ်။ သွပ်ပြားတွေကလည်းဈေးကြီးတော့ လှူပေးရင်ကောင်းတာပေါ့။"ဟု ၎င်းဒေသခံတစ်ဦးက ဆက်ပြောသည်။



ရက္ခိုင့်တပ်တော်(AA)ကမူ မြောက်ဦးမြို့ရှိ ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေကြောင်း သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။



အဆိုပါကိစ္စနှင့်ပတ်သက်၍ Tachileik News Agencyမှ AAတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား ဆက်သွယ်သော်လည်း အဆက်အသွယ် မရသေး‌ပါ။



စစ်ကောင်စီသည် ကူညီကယ်ဆယ်ရေး လာရောက်လုပ်ကိုင်ပေးခြင်းမရှိသော်လည်း စာသင်ကျောင်းများကို ဒေသခံများအား ကိုယ်ထူကိုယ်ထပြင်ဆင်ခိုင်းကာ ကျောင်းပြန်ဖွင့်နေသည်ဟု ဆိုသည်။



"တချို့ဆိုရင် ပြန်လည်ဆောက်နေရင်းတန်းလန်းနဲ့ ကျောင်းဖွင့်နေကြတာရှိတယ်ဗျ။ အများစုကတော့အဲလိုပါပဲ ပျက်စီးတယ်။ ပြန်မပြင်နိုင်သေးဘူး။ ဒါပေမယ့် ကျောင်းကဖွင့်ပြီး စာသင်နေကြတယ်။ ကိုယ်ကိုယ်ထလုပ်နေကြတာဗျ။"ဟု ဒေသခံတစ်ဦးက ပြောသည်။



မိုခါမုန်တိုင်းသည် ၂၀၂၃ခုနှစ်၊ မေလ(၁၄)ရက်နေ့က တိုက်ခတ်ခဲ့ပြီး ရခိုင်ပြည်တွင် လူဦးရေ(၁,၁၅၆,၇၉၆)ဦး လေဘေးသင့်ခဲ့ပြီး (၁၄၈)ဦးသေဆုံးကာ နေအိမ်အဆောက်အဦးပေါင်း(၂၄၁,၀၇၁) အိမ်ပျက်စီးသလို အိမ်မွေးတိရစ္ဆာန်ပေါင်း(၂၇,၆၁၉)ကောင်သေ ဆုံးခဲ့သဖြင့် ကျပ်သိန်းပေါင်း(၄၈,၉၈၆) ဆုံးရှုံးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သော်လည်း ယင်းထက်ပိုများနိုင်သည်ဟု ဒေသတွင်းအဖွဲ့အစည်းက ပြောဆိုသည်။



#TachileikNewsAgency