ဗြိတိန်တွင် ဘုရင်မကြီး အဲလိဇဘက်သ်၏ နန်းသက် နှစ် (၇၀) ပြည့် ရွှေဖြူရတုအထိမ်းအမှတ် အခမ်းအနားများ ကျင်းပ

ဗြိတိန်တွင် ဘုရင်မကြီး အဲလိဇဘက်သ်၏ နန်းသက် နှစ် (၇၀) ပြည့် ရွှေဖြူရတုအထိမ်းအမှတ် အခမ်းအနားများ ကျင်းပ
By Mr John

ဗြိတိန်ထီးနန်းကို သက်တမ်းအကြာဆုံး ဆက်ခံထားသည့် ဘုရင်မကြီး အဲလိဇဘက်သ် (Queen Elizabeth II) ၏ နန်းသက် နှစ် (၇၀) ပြည့် ရွှေဖြူရတု (Platinum Jubilee) အထိမ်းအမှတ်အခမ်းအနားများကို ဇွန်လ (၂) ရက်နေ့တွင် စတင်ခဲ့ပြီး (၄) ရက်ကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

နိုင်ငံ၏ ချစ်ကြည်မှုကြောင့် စိတ်ရွှင်လန်းတက်ကြွမှုဖြစ်ရကြောင်း ဘုရင်မကြီးက ပြောသည်။

၎င်း၏ နန်းသက် နှစ် (၇၀) ပြည့်တွင် အထိမ်းအမှတ်ပွဲများ စီစဥ်ကျင်းပမှုအတွက် ပြည်သူလူထုကို ကျေးဇူးတင်ကြောင်းနှင့် ပျော်ရွှင်စရာ အမှတ်တရများ ဖန်တီးနိုင်ပါစေဟု ဘုရင်မကြီး အဲလိဇဘက်သ်က ရတုအမှာစကားတွင် ပြောထားသည်။

ဗြိတိန်တွင် သန်းနှင့်ချီသည့် ပြည်သူများက ဘုရင်မကြီး၏ နန်းသက် နှစ် (၇၀) ပြည့် ရွှေဖြူရတု အထိမ်းအမှတ်အဖြစ် လမ်းမပေါ် ပါတီပွဲများ ကျင်းပကြရန် စုရုံးပြင်ဆင်နေကြသည်ဟု ဆိုသည်။

ဘုရင်မကြီး၏ နန်းသက် နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပပြုလုပ်သွားမည့် ဇွန်လ (၂) ရက်မှ (၅) ရက်အထိကို ဘဏ်ပိတ်ရက်များအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

ဝင်ဆာရဲတိုက်တွင် ရိုက်ကူးထားသော သက်တော် (၉၆) နှစ်ရှိပြီဖြစ်သည့် ဘုရင်မကြီး အဲလိဇဘက်သ်၏ တရားဝင် ဓာတ်ပုံအသစ်တစ်ပုံကိုလည်း ထုတ်ပြန်ခဲ့သည်။

ဘုရင်မကြီး၏ နန်းသက် ရွှေဖြူရတုပြည့်မြောက်သည့် အထိမ်းအမှတ်ပွဲများကို နိုင်ငံတဝန်းတွင် ကျင်းပသွားကြမည်ဖြစ်ရာ ဇွန်လ (၂) ရက်နေ့တွင် ဗြိတိန်သျှစစ်တပ်၏ စစ်ရေးပြချီတက်ပွဲ Trooping the Colour နှင့်အတူ စတင်ခဲ့ပြီး ဇွန်လ (၅) ရက်နေ့တွင် လန်ဒန်မြို့တဝန်း ရွှေဖြူရတုအထိမ်းအမှတ် ဖျော်ဖြေပွဲများ Platinum Jubilee Pageant နှင့်အတူ ပြီးဆုံးမည်ဖြစ်သည်။

ထိုဖျော်ဖြေပွဲများတွင် လူ ၅,၀၀၀ ကျော် ပါဝင်ကြမည်ဖြစ်ပြီး လမ်းပေါ်အနုပညာပြကွက်များ၊ ပြဇာတ်၊ တေးဂီတ၊ ဆပ်ကပ်ပြပွဲ အစရှိသည်တို့ကို ပေါင်းစပ်ဖျော်ဖြေသွားမည်ဟု ဆိုသည်။

ဇွန်လ (၂) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် Trooing the Colour စစ်ရေးပြချီတက်ပွဲတွင် အရာရှိနှင့် စစ်သည် ၁,၅၀၀ ကျော်နှင့် မြင်းအကောင်ရေ ၃၅၀ ပါဝင်ခဲ့ပြီး တော်ဝင်လေတပ် (Royal Air Force) မှ တိုက်လေယာဥ်အုပ်စုကလည်း ဂုဏ်ပြုအလှပြ ပျံသန်းခဲ့ကြသည်။

ဇွန်လ (၂) ရက်နေ့ စစ်ရေးပြချီတက်ပွဲကို ဘုရင်မကြီး အဲလိဇဘက်သ်က တော်ဝင်မိသားစု၏ မိသားစုဝင်များနှင့်အတူ ဘက်ကင်ဟမ်နန်းတော် လသာဆောင်ကနေ ကြည်ရှုခဲ့ပြီး လူအုပ်စုများကို လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့သည်။

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ်ကို ၁၉၂၆ ခုနှစ် ဧပြီလ (၂၁) ရက်နေ့တွင် လန်ဒန်မြို့၌ မွေးဖွားခဲ့သည်။

၎င်းသည် York မြို့စားနှင့် မြို့စားကတော်တို့၏ ပထမဆုံးကလေး ဖြစ်သည်။

နောက်ပိုင်းတွင် ၎င်း၏ဖခင်က ဗြိတိန်ဘုရင်ဂျော့ဂျ် (King Gorge VI) နှင့် မိခင်က ဖိဖုရားအဲလိဇဘက်သ် (Queen Elizabeth) ဖြစ်လာခဲ့သည်။

၁၉၃၆ ခုနှစ်တွင် ၎င်း၏ အကိုတော် ဘုရင်အက်ဒ်ဝပ် (King Edward VIII) က နန်းစွန့်ခဲ့ရာမှ ဂျော့ဂျ်က ဗြိတိန်ဘုရင်အဖြစ် ထီနန်းဆက်ခံခဲ့ခြင်းလည်း ဖြစ်သည်။

ဖခင်ဖြစ်သူက ဘုရင်ဖြစ်လာခဲ့ရာ အကြီးဆုံးသမီးဖြစ်သည့် အဲလိဇဘက်သ်က ထီးမွေနန်းမွေ ဆက်ခံရမည်သူ ဖြစ်လာခဲ့သည်။

ဘုရင်မကြီး အဲလိဇဘက်သ်မှာ ငယ်စဥ်က နေအိမ်မှာ သီးသန့် ပညာသင်ကြားခဲ့သူဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကာလအတွင်း တော်ဝင်မိသားစုဝင်အဖြစ် ပြည်သူ့တာဝန်များကို စတင်ထမ်းဆောင်ခဲ့သည်။

၁၉၄၇ ခုနှစ်တွင် အဲလိဇဘက်သ်က ဖိလစ်မောင့်ဘက်တန်နှင့် လက်ထပ်ခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ဖိလစ် ကွယ်လွန်ချိန်အထိ  ၎င်းတို့နှစ်ဦး၏ အိမ်ထောင်သက်တမ်းမှာ နှစ်ပေါင်း (၇၃) နှစ် ကြာခဲ့သည်။

ဘုရင်မကြီး အဲလိဇဘက်သ်နှင့် မင်းသားကြီးဖိလစ်တို့၏ အိမ်ထောင်သက်တမ်းအတွင်း သားသုံးဦးနှင့် သမီးတစ်ဦး ရရှိခဲ့သည်။

၁၉၅၂ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဖခင်ဖြစ်သူ ဗြိတိန်ဘုရင်ဂျော့ဂျ် ကွယ်လွန်ခဲ့ရာ ထိုစဥ်က အသက် (၂၅) နှစ်အရွယ် အဲလိဇဘက်သ်က ထီးနန်းကိုဆက်ခံပြီး ဗြိတိန်ဘုရင်မ ဖြစ်လာခဲ့ကြောင်း သိရသည်။

Source: BBC, Reuters

Photo: RANALD MACKECHNIE, Reuters, GETTY IMAGES, PA MEDIA,