စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်ခံရမှုတွင် ဒုဥက္ကဌ အပါအဝင် (၃)ဦးသေဆုံးကြောင်း ALPပါတီအတည်ပြုပြီး AAက လုပ်ကြံသည်ဟု စွပ်စွဲ

စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်ခံရမှုတွင် ဒုဥက္ကဌ အပါအဝင် (၃)ဦးသေဆုံးကြောင်း ALPပါတီအတည်ပြုပြီး AAက လုပ်ကြံသည်ဟု စွပ်စွဲ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်ခံရမှုတွင် သေဆုံးသွားသူများမှာ ALPပါတီ၏ ဒုဥက္ကဌ၊ တပ်ရင်းမှူးနှင့် တပ်သားတစ်ဦးတို့ဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂)ရက်နေ့တွင် အတည်ပြု ထုတ်ပြန်လာသည်။

စစ်တွေတက္ကသိုလ်ရှေ့တွင် ၂၀၂၃ခုနှစ် ဇူလိုင်လ(၁)ရက်နေ့ မနေ့က နေ့လည်ပိုင်းတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး သေဆုံးသူများမှာ ပါတီ ဒုဥက္ကဌ ခိုင်နီရောင်၊ အမှတ်(၁၀၀၁)တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သားကျော်ကျော်နိုင်တို့ဖြစ်ကြောင်း ထုတ်ပြန်လာသည်။

၎င်းတို့သည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ မုန်တိုင်းသင့် ဒေသခံများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဥက္ကဌရုံးတွင် အစည်းအဝေးလုပ်ပြီးပြန်လာစဉ် စစ်တွေတက္ကသိုလ်ရှေ့အရောက်၌ ရက္ခိုင့်တပ်တော်(AA)က လုပ်ကြံသည်ဟု စွပ်စွဲ‌ထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော်(AA)ဘက်ကမူ အဆိုပါကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြောဆိုထားခြင်းမရှိပေ။

ပြီးခဲ့သည့် ရက်ပိုင်းက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)သည် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)အဖြစ် အသွင်ပြောင်းရန် စီစဉ်နေသဖြင့် ယင်းသို့ပစ်ခတ်ခံရခြင်းဖြစ်သည်ဟုလည်း ဒေသခံများက Tachileik News Agencyကို မှတ်ချက်ပြုသည်။

ALPပါတီသည် ဇွန်လ(၂၆)ရက်နေ့နှင့် (၂၇)ရက်နေ့တို့တွင် နေပြည်တော်၌ စစ်ကောင်စီနှင့် တွေ့ဆုံခဲ့သေးသည်။

 

ဒါ့အပြင် ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့ကလည်း စစ်တွေမြို့ ဝေသာလီကွင်းတွင် ပြုလုပ်သည့် လွတ်လပ်ရေးအခမ်းအနားမှ ကားဖြင့်ပြန်လာသည့်  ALPပါတီမှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြ အပါအဝင် တပ်မှူး(၃)ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရသေးသည်။

#TachileikNewsAgency

Photo : PAN