မိုးညှင်းမြို့နယ်တွင် PDF အမည်အသုံးချကာ ဓားပြတိုက်နေသူများအား ဖမ်းဆီးအရေးယူမည်ဟု မိုးညှင်း PDF ထုတ်ပြန်

မိုးညှင်းမြို့နယ်တွင် PDF အမည်အသုံးချကာ ဓားပြတိုက်နေသူများအား ဖမ်းဆီးအရေးယူမည်ဟု မိုးညှင်း PDF ထုတ်ပြန်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် PDFအမည်အသုံးချကာ ဓားပြတိုက်နေသူများအား ဖော်ထုတ် ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း မိုးညှင်း PDFက ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ (၃၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မိုးညှင်းမြို့တွင်းနှင့် နယ်မြေအတွင်း၌ မသမာသူလူများမှ PDFအမည်အသုံးပြု၍ ပြည်သူနှင့် တော်လှန်ရေး အဖွဲ့များအကြား အထင်အမြင် လွဲမှားစေရန် ရည်ရွယ်၍ အနုကြမ်းစီး ဓားပြတိုက်ခြင်း၊ လုယက်ခြင်း၊ လုပ်ငန်းရှင်များနှင့် ခရီးသွားကား၊ ကုန်ကားများအား  ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။

မိုးညှင်း PDFသည် တော်လှန်ရေးစတင်ချိန်မှစ၍ ယခုအချိန်ထိ ပြည်သူများ၏ စေတနာအရ လှူဒါန်းသော အထောက်အပံ့ဖြင့်သာ ရပ်တည်လာခဲ့ပြီး ဓားပြတိုက်ခြင်း၊ လုယက်ခြင်း၊ ခြိမ်းခြောက်ခြင်းများအား  တစ်ကြိမ်တစ်ခါမျှ လုပ်ဆောင်ခဲ့ခြင်းမရှိသည့်အပြင် နောင်တွင်လည်း လုပ်ဆောင်မည်မဟုတ်ဟု ထုတ်ပြန်ထားသည်။

ထို့ကြောင့် ပြည်သူများအား ဒုက္ခပေးနေသည့် မသမာသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူမည်ဖြစ်၍ ပြည်သူလူထုက ပူးပေါင်းပါဝင်၍ သတင်းပေးကြရန် တိုက်တွန်းထားသည်။

ဇွန်လ (၂၉)ရက်နေ့က မိုးညှင်းမြို့ နားခါးမြောက်ရပ်ကွက် ဘုရင့်နောင်လမ်းရှိ သမာဓိရွှေဆိုင်ကို အမျိုးသား(၆)ဦးက ဆိုင်ကယ် (၃)စီးဖြင့် ရောက်ရှိလာပြီး သေနတ်ပြကာ ကာလတန်ဖိုး ငွေကျပ် သိန်း(၁၀၀၀)ကျော် တန်ဖိုးရှိ ရွှေထည်များအား ဓားပြတိုက်ယူသွားခဲ့သေးသည်။ ထို့အပြင် မိုးညှင်းမြို့ ဗောဓိကုန်းကျေးရွာရှိ နေအိမ်တစ်ခုတွင်လည်း ဇွန်လ (၂၇)ရက်နေ့က ဓားပြမှုဖြစ်ပွားခဲ့သေးသည်။

#TachileikNewsAgency