အရန်တပ်ဖွဲ့များ အပြည့်အဝ ခေါ်ယူ အသုံးပြုနိုင်ရန် ပူတင်က ယူကရိန်းကို မကြာမီ တရားဝင် စစ်ကြေညာဖွယ်ရှိ

အရန်တပ်ဖွဲ့များ အပြည့်အဝ ခေါ်ယူ အသုံးပြုနိုင်ရန် ပူတင်က ယူကရိန်းကို မကြာမီ တရားဝင် စစ်ကြေညာဖွယ်ရှိ
By Mr John

ရုရှားသမ္မတ ဗလာဒီမာပူတင်က အရန်တပ်ဖွဲ့များ အပြည့်အဝ ခေါ်ယူအသုံးပြုနိုင်ရန် ရည်ရွယ်ပြီး အစောဆုံးအဖြစ် မေလ (၉) ရက်နေ့တွင် ယူကရိန်းကို တရားဝင် စစ်ကြေညာနိုင်ကြောင်း အမေရိကန်နှင့် အနောက်အုပ်စု အစိုးရအရာရှိတွေက ယုံကြည်ထားကြသည်။

၁၉၄၅ ခုနှစ်တွင် ရုရှားက နာဇီတို့ကို စစ်အောင်နိုင်ခဲ့သည့် အထိမ်းအမှတ်အဖြစ် မေလ (၉) ရက်နေ့ကို အောင်ပွဲနေ့ "Victory Day" အဖြစ် ရုရှားတွင် သိမှတ်ထားကြသည်။



ပူတင်က ယူကရိန်းတွင် စစ်ရေးအောင်မြင်မှုကို ကြေညာရန်ဖြစ်စေ၊ တိုက်ခိုက်မှုများ အရှိန်မြှင့်ရန်ဖြစ်စေ သို့မဟုတ် နှစ်ခုလုံးအတွက်ဖြစ်စေ ထိုနေ့ရက်၏ အဓိပ္ပါယ်ရှိမှုနှင့် ဝါဒဖြန့်ရန် တန်ဖိုးရှိမှုကို အသုံးချလိမ့်မည်ဟု အနောက်အုပ်စု အစိုးရအရာရှိတွေက ယုံကြည်ထားသည်။

မေလ (၉) ရက်တွင် တရားဝင် စစ်ကြေညာခြင်းဖြင့် ယူကရိန်းကို ကျူးကျော်မှုအပေါ် လူထုထောက်ခံမှု အားကောင်းလာစေနိုင်သည်ဟုလည်း ဆိုသည်။



ထို့အတူ ရုရှားဥပဒေအရ ထိုသို့ တရားဝင် စစ်ကြေညာလိုက်ခြင်းဖြင့် ပူတင်က အရန်တပ်ဖွဲ့များကို ခေါ်ယူနိုင်အသုံးပြုနိုင်ပြီး စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းစေခြင်းတို့ လုပ်ဆောင်ခွင့်ရလာမည် ဖြစ်သည်။

ရုရှားအတွက် တပ်ဖွဲ့ဝင်အင်အားဖြည့်တင်းရန် အသည်းအသန် လိုအပ်နေကြောင်းလည်း အနောက်အုပ်စု အရာရှိတွေက ထောက်ပြကြသည်။

အနောက်အုပ်စုနှင့် ယူကရိန်း အစိုးရအရာရှိတွေက ခန့်မှန်းထားမှုအရ ပြီးခဲ့သည့် နှစ်လအတွင်း ယူကရိန်းတွင် ရုရှားစစ်သား ၁၀,၀၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။



ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ကိဗ်မြို့တော်နှင့် အနီးတဝိုက်ကို အလျင်အမြန် သိမ်းပိုက်ထိန်းချုပ်ရန် ရုရှားက ကြံရွယ်ခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ထိုနေရာများမှ ၎င်း၏တပ်ဖွဲ့များ ပြန်ဆုတ်ခွာသွားပြီးနောက် ယခုအခါ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို အာရုံစိုက်ပြီး တိုက်ခိုက်နေခဲ့သည်။



Source: CNN