အင်ဒိုနီးရှားနိုင်ငံ၏ အရှေ့ပိုင်းရှိ ပင်လယ်ပြင်တွင် သင်္ဘောမီးလောင်မှုကြောင့် သေဆုံးသူ အရေအတွက် (၁၇) ဦးအထိ မြင့်တက်

အင်ဒိုနီးရှားနိုင်ငံ၏ အရှေ့ပိုင်းရှိ ပင်လယ်ပြင်တွင် သင်္ဘောမီးလောင်မှုကြောင့် သေဆုံးသူ အရေအတွက် (၁၇) ဦးအထိ မြင့်တက်
အောက်တိုဘာ 26, 2022 | နိုင်ငံတကာသတင်း
By Mr John

အင်ဒိုနီးရှားနိုင်ငံ၏ အရှေ့ပိုင်းတွင် ဖြစ်ပွားခဲ့သည့် လူစီးသင်္ဘော မီးလောင်မှုကြောင့် သေဆုံးသူ အရေအတွက် (၁၇) ဦးအထိ မြင့်တက်လာကြောင်း အစိုးရတာဝန်ရှိသူများက အောက်တိုဘာလ (၂၅) ရက်နေ့တွင် ပြောသည်။ 

KM Express Cantika 77 သင်္ဘောမှာ East Nusa Tenggara ပြည်နယ် Timor ကျွန်း ကမ်းလွန်တွင် အောက်တိုဘာလ (၂၄) ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်များ ကြောက်လန့်တကြားဖြင့် ရေထဲသို့ ခုန်ချခဲ့ကြသည်။

ထိုသင်္ဘောမှာ ပြည်နယ်မြို့တော် Kupang မှ Alor ကျွန်းပေါ်ရှိ Kalabahi မြို့သို့ ခုတ်မောင်းသွားစဥ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

ပင်လယ်ထဲတွင် နောက်ထပ် အလောင်းများ ရှာဖွေတွေ့ရှိရပြီးနောက် သင်္ဘောမီးလောင်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ ယခင် (၁၄) ဦးမှ (၁၇) ဦးသို့ မြင့်တက်လာကြောင်း ဒေသခံ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲ I Putu Sudayana က ပြောသည်။

ပင်လယ်ပြင်တွင် သင်္ဘောမီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားတွေက အသက်ရှင်ကျန်သူ (၃၁၂) ဦးနှင့် အလောင်း (၁၇) လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ၎င်းကဆိုသည်။ 

သင်္ဘောပေါ်တွင် လိုက်ပါလာသူ အရေအတွက်ကို အတည် မပြုနိုင်မှုကြောင့် ရှာဖွေရေးလုပ်ငန်းကို နောက်တစ်ပတ်ကြာ ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း Sudayana က ပြောသည်။ 

သင်္ဘောမီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို အတိအကျ မသိရသေးဟု ဆိုသည်။

ကျွန်းပေါင်း (၁၇,၀၀၀) ခန့်ရှိသည့် အင်ဒိုနီးရှားတွင် ရေလမ်းကြောင်း မတော်တဆမှုများ ဖြစ်ပွားလေ့ရှိပြီး ဘေးအန္တရာယ်ကင်းရေး စံချိန်စံညွှန်းများကို မလိုက်နာမှုကြောင့်ဖြစ်ကြောင်း သိရသည်။ 

၂၀၁၈ ခုနှစ်က ဆူမာတြာကျွန်းရှိ ကမ္ဘာ့အနက်ဆုံး ရေကန်တစ်ကန်တွင် ကူးတို့သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ပြီး လူ (၁၅၀) ကျော် သေဆုံးခဲ့သည်။

Source: AFP