အင်ဒိုနီးရှားနိုင်ငံ အစွန်းအဖျားဒေသရှိ ကျွန်းပေါ်တွင် မြေပြိုမှုကြောင့် လူ (၁၅) ဦး သေဆုံးပြီး လူ (၄၀) ကျော် ပျောက်ဆုံး

အင်ဒိုနီးရှားနိုင်ငံ အစွန်းအဖျားဒေသရှိ ကျွန်းပေါ်တွင် မြေပြိုမှုကြောင့် လူ (၁၅) ဦး သေဆုံးပြီး လူ (၄၀) ကျော် ပျောက်ဆုံး
By Mr John



အင်ဒိုနီးရှားနိုင်ငံ အစွန်အဖျားဒေသရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ၂၀၂၃ခုနှစ် မတ်လ (၆) ရက်နေ့က မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် လူ (၁၅) ဦး သေဆုံးကြောင်းနှင့် ပျောက်ဆုံးနေသူ (၄၀) ကျော်ကို ရှာဖွေနေကြောင်း ဘေးအန္တရာယ်ဆိုင်ရာဌာန အရာရှိတစ်ဦးက မတ်လ (၇) ရက်နေ့တွင် ပြောကြားသည်။ 

ရာသီဥတုဆိုးရွားမှုနှင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့သည့် Serasan ကျွန်းပေါ်တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်လုပ်ငန်း အခက်အခဲများရှိနေသည်။

ဝေးလံသီခေါင်သည့် Serasan ကျွန်းမှာ ဘော်နီယိုကျွန်းနှင့် မလေးရှားကျွန်းဆွယ်ကြား Natuna နယ်မြေတွင်ရှိပြီး လူဦးရေ (၈,၀၀၀) ခန့် နေထိုင်ကြသည်။ 

Natuna ဆက်သွယ်ရေးနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံများအရ နေအိမ် အပျက်အစီးများ၊ လဲကျနေသော သစ်ပင်များနှင့် အိမ်ခေါင်မိုးများ ပြိုကျနေသည်ကို တွေ့ရသည်။

မြေပြိုမှုဖြစ်ပွားသည့်နေရာမှ အလောင်း (၁၀) လောင်းကို ပြန်ရှာတွေ့ခဲ့ကြောင်း အင်ဒိုနီးရှား ဘေးအန္တရာယ်လျော့ပါးရေးဌာန BNPB ၏ ပြောခွင့်ရပုဂ္ဂိုလ် Abdul Muhari က အတည်ပြုခဲ့ပြီး ဒေသခံ ရွာသားများက သေဆုံးသူ (၁၅) ဦးအထိ ရှိလာကြောင်း ပြောခဲ့သည်။ 

"အလောင်း (၆) လောင်းက ဘယ်သူတွေဆိုတာ ခွဲခြားသိရှိထားပြီး ဖြစ်ပါတယ်။ နောက် အလောင်း(၄)လောင်းကိုတော့ ခွဲခြားသိရှိဖို့ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်" ဟု Abdul Muhari က ဆိုသည်။

မြေပြိုမှု ဖြစ်ပွားခဲ့ပြီးနောက် လူ (၄၂) ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်းလည်း ၎င်းက အတည်ပြုခဲ့သည်။ 

ယခင်က ပျောက်ဆုံးနေသူ (၈) ဦးကို အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့ပြီး ၎င်းတို့အနက် (၄) ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း သိရသည်။ 

ကယ်ဆယ်ရေးသမားများက တောင်စောင်းတစ်ခုအနီး လမ်းမ တစ်လျှောက်တွင် ရှာဖွေကယ်ဆယ်ရေး အာရုံစိုက် လုပ်ဆောင်နေကြကြောင်းနှင့် ထိုနေရာတွင် မြေပြိုမှုအတွင်း နေအိမ်အလုံးရေ ဒါဇင်နှင့်ချီ နစ်မြုပ်သွားခဲ့သည်။

"အဲဒီလမ်းတစ်လျှောက်မှာ အိမ်အလုံး (၃၀) လောက် မြေကြီးအောက်မြုပ်သွားခဲ့တယ်။ ဒီနေရာမှာ အဓိက ရှာဖွေရေးလုပ်နေပါတယ်" ဟု Abdul Muhari က ပြောသည်။ 

BNPB က စားနပ်ရိက္ခာနှင့် ယာယီတဲများ ပေးပို့ထားပြီး ဆက်သွယ်ရေးလိုင်းများ အဆင်ပြေစေရန်နှင့် အကူအညီပေးမှု မြန်ဆန်စေရန် ဂြိုဟ်တုဆက်သွယ်ရေးနှင့် ရဟတ်ယာဥ် (၂) စီးကို အသုံးပြုနေကြောင်းလည်း ၎င်းကဆိုသည်။

အင်ဒိုနီးရှားတွင် မိုးရာသီကာလအတွင်း မြေပြိုမှုများ ဖြစ်ပွားလေ့ရှိပြီး အချို့နေရာများတွင်မူ သစ်တောပြုန်းတီးမှုကြောင် မြေပြိုမှုအခြေအနေ ပိုမိုဆိုးရွားပြီး ရက်နှင့်ချီကြာ မိုးသည်းထန်မှုကြောင့်လည်း နိုင်ငံ၏ မတူညီသည့် နေရာဒေသများတွင် ရေကြီးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။ 

အင်ဒိုနီးရှား၏ မိုးလေဝသဖြစ်စဥ်နှင့် ဆက်နွယ်သည့် ဘေးအန္တရာယ်များမှာ ရာသီဥတုပြောင်းလဲမှုကြောင့် ပိုမိုဆိုးရွားလာခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

Source: AFP, Reuters

Photo: AFP/Handout/Natuna ministry of communication,