တာချီလိတ်မြို့တွင် အိမ်နီးချင်း အချင်းချင်း စကားများရာမှ အသက်(၅)နှစ်အရွယ် ကလေးငယ်တစ်ဦး တံစဉ်ဖြင့် ခုတ်သတ်ခံရ

တာချီလိတ်မြို့တွင် အိမ်နီးချင်း အချင်းချင်း စကားများရာမှ အသက်(၅)နှစ်အရွယ် ကလေးငယ်တစ်ဦး တံစဉ်ဖြင့် ခုတ်သတ်ခံရ

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အိမ်နီးနား  လူကြီးအချင်းချင်း စကားများရာမှ ဆော့ကစားနေသည့် ကလေးငယ်တစ်ဦး တံစဉ်ဖြင့် ခုတ်ခံရ၍ သေဆုံးသွားမှု ဖြစ်ပွားပြီး ခုတ်သူမှာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။



ဖြစ်စဉ်မှာ ၂၀၂၃ခုနှစ် ဇွန်လ(၂၈)ရက်နေ့ ညနေပိုင်းက တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု စခန်းသာကျေးရွာအတွင်း နေအိမ်တွင်  ဒေါ်အားဘသည် ၎င်းအိမ်သို့ လာလည်သည့်  ဦးလေးဖြစ်သူ ဦးကျချီးနှင့် စကားပြောနေကြပြီးနောက် ခဏအကြာတွင် ဦးလေးဖြစ်သူမှာ ၎င်း၏ နေအိမ်သို့ ပြန်သွားချိန်တွင် ဒေါ်အားဘ က ၎င်း၏ သမီးငယ်များဖြစ်သည့် အသက်(၅)နှစ်အရွယ် မအေးအေးခိုင် နှင့် အသက်(၇)နှစ်အရွယ် မဘူးသော့တို့အား  နေအိမ်အရှေ့တွင် သွားရောက် ဆော့ကစားရန် ပြောရာမှ ကလေးများမှာ နေအိမ်အရှေ့သို့ သွားဆော့ကြကြောင်း သိရသည်။



ယင်းနောက် ဘေးချင်းကပ် နေအိမ်မှ အမျိုးသမီးတစ်ဦးသည် အမှိုက်များကို မီးရှို့ရာမှတဆင့် လူသတ်မှုအထိ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။



"ဒေါ်အားဘ ရဲ့ အိမ်ဘေးချင်းကပ်မှာ နေတဲ့ ဒေါ်နာဒေါက အမှိုက်တွေကို မီးရှို့နေတာ၊ အဲ့တော့ နီးနီးကပ်ကပ်ဖြစ်နေတော့ အမှိုက်တွေကို မီးရှို့တာ ညှော်တဲ့အတွက် နောက်တခါဆိုရင် ဒီနားမှာမရှို့ဘဲ တခြားမှာ သွားရှို့ဖို့ လှမ်းအော်ပြောတာပေါ့။ အဲ့အချိန်မှာ ဒေါ်နာဒေါ ရဲ့ ယောကျာ်းဖြစ်တဲ့ ဦးကျပုတ်က ဘာမပြော ညာမပြောနဲ့ အိမ်ထဲကနေ တံစဉ်ကိုင်လာပြီး ဒေါ်အားဘ ရဲ့ သမီးကို ခုတ်ချလိုက်တာ။ ဘာမှ မသိနားမလည်တဲ့ ကလေးငယ်ခမျာ ဒဏ်ရာနဲ့  ခဏအကြာမှာ သေသွားတယ်"ဟု ဒေသခံတစ်ဦးက Tachileik News Agencyသို့ ဇွန်လ(၂၉)ရက်နေ့တွင် ပြောသည်။



အသက်(၅)နှစ်အရွယ် မအေးအေးခိုင် အား တံစဉ်ဖြင့် တစ်ချက် ခုတ်လိုက်မှုကြောင့် ကလေး၏ နားအောက်ဘက်တွင် (၂)လက်မ ဝန်းကျင် ဒဏ်ရာရကာ လဲကျသွားပြီး ခဏအကြာမှာပင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။



ယင်းသို့ တံစဉ်ဖြင့် ခုတ်သူမှာ အသက်(၅၄)နှစ်အရွယ် ဦးကျပုတ်ဆိုသူဖြစ်ပြီး ၎င်းသည် ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်းနှင့် ၎င်းအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းနေပြီး ဟောင်လိတ်နယ်မြေရဲစခန်းတွင် (ပ)၇၀/၂၀၂၃၊ အမှုကြီးအမှတ်စဉ် (၄/၂၀၂၃)၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားရှိကြောင်း သိရသည်။