တာလေတံတားပေါ်ကနေ ဆိုင်ကယ်နှင့် အိမ်စီးကားများ အပါအဝင်  (၂၃)တန် မကျော်သည် ကားများ သွားလာနိုင်ပြီ

တာလေတံတားပေါ်ကနေ ဆိုင်ကယ်နှင့် အိမ်စီးကားများ အပါအဝင်  (၂၃)တန် မကျော်သည် ကားများ သွားလာနိုင်ပြီ
ဇန်နဝါရီ 19, 2024 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ခရီးသွားပြည်သူများနှင့် ကုန်သွယ်ရေးအတွက် အဓိက သွားလာအသုံးပြုနေသည့် ကျိုင်းတုံ - တာချီလိတ်သွားလာပေါ်ရှိ တာလေတံတားပေါ်တွင် ကွဲအက်ကြောင်းရာ ဖြစ်ပေါ်နေခြင်းကြောင့် ယာယီ ဘေလီတံတား ပြုလုပ်ပြီးဖြစ်ရာ ဆိုင်ကယ်နှင့် အိမ်စီးကားများ အပါအဝင် (၂၃)တန်အောက် ကားများ ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက်ပိုင်းက စပြီး ပုံမှန်အတိုင်း သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

"ဒီညမှာလည်း ယာယီသံဘေလီတံတားပေါ်ကနေ စမ်းသပ်သွားလာနေကြပြီ။ မနက်ဖြန် မနက်ကစပြီး (၂၃)တန်အောက် ကားတွေအထိ ပုံမှန်အတိုင်း သွားလာနိုင်တော့မှာပါ"ဟု တာဝန်ရှိသူ တစ်ဦးက Tachileik News Agency သို့ ဇန်နဝါရီလ(၁၉)ရက်နေ့ ညပိုင်းတွင် ပြောသည်။



 

အရှည်  (၃၂၅)ပေရှိပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း (၂၀)ကျော် ကြာမြင့်နေသည့် တာလေတံတားတွင် ကွဲအက်ကြောင်းအရာဖြစ်ပွားနေသည်ကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့ နံနက်ပိုင်းက စပြီးတာဝန်ရှိသူများက တွေ့ရှိခဲ့ကြခြင်း ဖြစ်ပြီး အက်ကွဲကြောင်းအရာ ဖြစ်ပွားရခြင်းမှာ တံတားအောက်ခြေတွင် ရေတိုက်စားပြီး အောက်ခြေထိ ရေတိုးဝင်ကာ အပေါက်ဖြစ်ပြီး ကလိုင်သဖွယ်ဖြစ်ပေါ်ကာ တံတားတိုင်အစိတ်အပိုင်းတစ်ခုမှာ ကျွံဝင်သွားရာမှ ကွဲအက်ကြောင်းရာဖြစ်ပွားခြင်းဖြစ်သည်ကို တွေ့ရှိရသည်။

 ဇန်နဝါရီလ(၁၈)ရက်နေ့ ညပိုင်းက စပြီး ယနေ့ ဇန်နဝါရီလ(၁၉)ရက်နေ့ ညပိုင်းအထိ တံတားကို နေ့ရောညပါ ပြုပြင်ခဲ့ကြကြောင်းနှင့် တံတားပေါ် ဖြတ်သန်းသွားသည့် ကားများအနေဖြင့်လည်း ဖြေးညင်းစွာ မောင်းနှင်ရလည်း အသိပေးထားရှိသည်။

၂၀၂၄ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက်ပိုင်းက စပြီး ဆိုင်ကယ် နှင့် အိမ်စီးကားများ အပါအဝင် ခရီးတင်ယာဉ်များ စသည့် (၂၃)တန်အောက် အလေးချိန်ရှိသည့် ကားများအနေဖြင့် ပုံမှန်အတိုင်း သွားလာတော့မည်ဖြစ်သည်။

 

Photo:   Sai Thant Zin Latt, Shang Noom