ရေးမြို့နယ် ကလော့ကြီးကျေးရွာတွင် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရ

ရေးမြို့နယ် ကလော့ကြီးကျေးရွာတွင် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရ

မွန်ပြည်နယ် ရေးမြို့နယ် ကလော့ကြီးကျေးရွာတွင် စစ်ကောင်စီ၏ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ ကင်းလှည့်ပွိုင့်ကားကြီးကို  ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ (၂၈)ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်ခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့ထံမှ သိရသည်။

"ဒီနေ့မနက် (၈)နာရီခွဲလောက်မှ စခ(၁၉)ရဲ့ ကင်းလှည့် ပွိုင့်ကား ဖောကားကြီးကို ပစ်တယ်ခင်ဗျ။ ကားပေါ်မှာ (၁၅)ဦးလောက်ရှိမယ်၊ (၅)ဦးလောက်ကျတယ်။ ပြီးတော့ဒဏ်ရာရ ဦးရေလည်း မနည်းဘူး။ အခု ရေးဆေးရုံမှာ ရှိနေတယ်ဗျ။ အကုန်လုံး။"ဟု ရေးဘီလူးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များသည် စစ်ဆေးရေးများ ပြုလုပ်နေပြီး အာရှလမ်းမကြီးကို ပိတ်ထားကာ ဆိုင်ကယ်နှင့် ကားများကို ဖြတ်သန်းသွားလာခွင့်မပြုသည့်အပြင် လက်နက်ကြီးများဖြင့်လည်း အဆက်မပြတ် ရမ်းသမ်းပစ်ခတ်နေသည်ဟု သိရသည်။

ထို့အပြင် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်များကလည်း ရမ်းသမ်းပစ်ခတ်နေပြီး စာသင်ကျောင်းများကိုပိတ်ကို ကလေးများအား  ကျောင်းပြန်ဆင်းခိုင်းလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၂၂)ရက်နေ့ကလည်း ရေးမြို့နယ် ချောင်းတောင် စစ်တပ်စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၄)ဦး သေဆုံးခဲ့ရသေးသည်။

#TachileikNewsAgency