တရုတ်နိုင်ငံတွင် ရေပန်းစားနေသည့် ကျောက်စရစ်ခဲ မွှေကြော် 

တရုတ်နိုင်ငံတွင် ရေပန်းစားနေသည့် ကျောက်စရစ်ခဲ မွှေကြော် 
By Mr John

 ကမ္ဘာ့အမာကျောဆုံး ဟင်းလျာဟု အမည်ပေးထားသော ကျောက်စရစ်ခဲများ အဓိက ပါဝင်သည့် ရိုးရာ အကြော်အလှော် ဟင်းလျာတစ်မျိုးကို တရုတ်ဆိုရှယ်မီဒီယာပေါ်တွင် အချက်အပြုတ်အကြောင်း စိတ်ဝင်စားသူများကြား အပြောများနေကြသည်။ 

ကျောက်စရစ်ခဲမွှေကြော်ဟု ခေါ်ဆိုရမည့် ထိုဟင်းလျာကို စားသုံးရာတွင် ကျောက်စရစ်ခဲများကိုစုပ်၍ အစပ်ပါသော ဟင်းလျာ၏ အရသာများကို အရသာခံရခြင်း ဖြစ်သည်။

ထိုဟင်းလျာကို တရုတ်နိုင်ငံ အရှေ့ပိုင်း ဟူဘေပြည်နယ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။ 

ဟင်းလျာ၏ အရသာများကို စုပ်ယူပြီး ကျောက်စရစ်ခဲများကို ထွေးထုတ်လိုက်ပါဟု လမ်းဘေးဆိုင် စားဖိုမှူးက ဗီဒီယိုတစ်ခုတွင် စားသုံးနည်းကို ပြောပြထားသည်။

 ထိုဟင်းလျာ၏ အမည်ကိုလည်း တရုတ်ဘာသာဖြင့် suodiu ဟု ပေးထားပြီး အဓိပ္ပါယ်မှာ စုပ်ပြီး စွန့်ပစ်ပါဟု ဆိုသည်။

 

ကျောက်စရစ်ခဲမွှေကြော်ကို နမူနာ စားပြနေသည့် အင်တာနက်အသုံးပြုသူများ၏ ဗီဒီယိုများ ပြီးခဲ့သည့် သီတင်းပတ်အတွင်း တရုတ်ဆိုရှယ်မီဒီယာများ အားလုံးပေါ်တွင် ပျံ့နှံ့နေခဲ့သည်။ 

ထိုဗီဒီယိုများအနက် လမ်းဘေးဆိုင်တွင် တစ်မူထူးခြားသော ထိုဟင်းလျာကို မည်သို့ ကြော်လှော်နေပုံကိုလည်း ရိုက်ကူးပြသထားသည်။ 

ကျောက်စရစ်ခဲများကို ငရုတ်သီး၊ ကြက်သွန်ဖြူနှင့် ငရုပ်ကောင်း စသည့် ဟင်းခတ်အမွှေးအကြိုင်နှင့် ပါဝင်ပစ္စည်းများဖြင့် ရောမွှေကာ ကြော်လှော်သည်ကို တွေ့ရသည်။

ထိုဟင်းလျာ၏ အရသာက စိတ်အားထက်သန်မှုကို ဖြစ်စေသည်ဟု လမ်းဘေးဆိုင် စာဖိုးမှူးက ဗီဒီယိုတစ်ခုတွင် ပြောထားပြီး အရက်ကဲ့သို့ပင် လူကြိုက်များသည်ဟု ဆိုသည်။ 

ကျောက်စရစ်ခဲမွှေကြော် ဟင်းလျာကို လက်ဖဝါးအရွယ် ဘူးများတွင်ထည့်၍ စားသုံးသူများကို ရောင်းချနေပြီး တစ်ဘူးလျှင် (၁၆) ယွမ် (အမေရိကန်ဒေါ်လာ ၂.၃၀ / မြန်မာကျပ် ၇,၀၀၀ ကျော်) ဖြစ်ကြောင်း သိရသည်။

"ကျောက်စရစ်ခဲများပေါ်မှ ဟင်းလျာ၏ အရသာကို စုပ်ယူပြီးနောက် ထိုကျောက်စရစ်ခဲများကို ပြန်ပေးရမည်လား" ဟု ဗီဒီယိုတစ်ခုတွင် စားသုံးသူတစ်ဦးက မေးမြန်းခဲ့ရာ "အိမ်ကို အမှတ်တရ လက်ဆောင်ပစ္စည်းအဖြစ် ယူသွားပါ" ဟု စားဖိုမှူးက ပြောခဲ့သည်။ 

Suodiu ခေါ် ကျောက်စရစ်ခဲမွှေကြော် ဟင်းလျာမှာ လွန်ခဲ့သည့် နှစ်ပေါင်း ရာနှင့်ချီကတည်းက ရှိခဲ့သည်ဟု ယူဆရပြီး ထိုဟင်းလျာကို လှေသမားများ မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာခဲ့ကြသည်ဟု တရုတ်မီဒီယာက ပြောသည်။

ရှေးယခင်ရက်များတွင် လှေသမားများ ကုန်စည်ပို့ဆောင်စဥ် မြစ်အလယ်ခေါင်၌ သောင်တင်ခဲ့ကြပြီး အစားအစာ ပြတ်လပ်သွားကြရာမှ ထိုဟင်းလျာ စတင်ဖြစ်ပေါ်လာသည်ဟုလည်း ဆိုသည်။

 မြစ်လယ်၌ သောင်တင်နေပြီး အစားအစာ ပြတ်လပ်ချိန်တွင် လှေသမားများက ကျောက်တုံးကျောက်ခဲများကို ရှာဖွေပြီး အခြား ဟင်းခတ်အမွှေးအကြိုင်များနှင့်ရောကာ ဟင်းလျာအဖြစ် ချက်ပြုတ်ခဲ့ကြကြောင်း တရုတ်မီဒီယာက ဖော်ပြသည်။

[ အမေရိကန် (၁) ဒေါ်လာ = မြန်မာကျပ် (၃,၁၀၀) ]

 

Source: CNN, The Guardian

Photo: CNN, The Guardian, CNA,