NCA ၇ ဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံ၊ ABSDFမှ ထုတ်ပယ်ထားသည့် ဦးမျိုးဝင်းလည်း တက်ရောက်

NCA ၇ ဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံ၊ ABSDFမှ ထုတ်ပယ်ထားသည့် ဦးမျိုးဝင်းလည်း တက်ရောက်
ဇန်နဝါရီ 10, 2024 | 2021 Military Coup| အခြားဒေသများ

အပစ်ရပ်(NCA)လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့နှင့် စစ်ကောင်စီတို့ ယမန်နေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ၊ ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးခဲ့သည်ဟု သိရသည်။ 

တက်ရောက်ခဲ့ကြသည့် NCA (၇)ဖွဲ့မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဥက္ကဋ္ဌ စောမြရာဇာလင်း၊ KNU/KNLA-PC ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ ဒုတိယ ဥက္ကဋ္ဌ ကျာဖူး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲချုပ် (PNLO)မှ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ခွန်မင်းသိန်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)မှ ဆက်ဆံရေးဌာနမှူး စောကျော်သန်းဌေး၊ မွန်ပြည်သစ်ပါတီ(NMSP)မှ ဗဟိုဖွံဖြိုးရေးဌာန ဒုတိယတာဝန်ခံ နိုင်ညီညီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)မှ ဗဟိုဦးစီးကော်မတီဝင် နန်းစံဖောင်းတို့ တက်သည်ဟု သိရသည်။

ထို့အပြင် စစ်အာဏာသိမ်းခြင်းကို ကန့်ကွက်ကာ တော်လှန်နေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ ထုတ်ပယ်ထားသည့် ဦးမျိုးဝင်းလည်း တက်ရောက်လာသည်ကို တွေ့ရသည်။

#TachileikNewsAgency