ရခိုင်ပြည်နယ် ဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနား တက်ရောက်ခဲ့သည့် ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဌကို ဖမ်းဆီးပြီး စစ်တွေအကျဉ်းထောင်ပို့

ရခိုင်ပြည်နယ် ဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနား တက်ရောက်ခဲ့သည့် ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဌကို ဖမ်းဆီးပြီး စစ်တွေအကျဉ်းထောင်ပို့

ရခိုင်ပြည်နယ် ဆန်ပြဿနာနေ့အောက်မေ့ဖွယ် အခမ်းအနားတစ်ခုကိုတက်ရောက်ခဲ့သည့် ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးကို စစ်ကောင်စီတပ်က ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၅)ရက်နေ့တွင် ဖမ်းဆီးပြီး ၅၀၅(ခ)ဖြင့် အမှုဖွင့်ကာ စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၁၃)ရက်နေ့က ရခိုင်ဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဒေါ်ညိုအေးကို စစ်ကောင်စီတပ်က စစ်မေးစရာရှိသည်ဟုပြောပြီး စစ်တွေအမှတ်(၁) ရဲစခန်းသို့ ခေါ်ယူသွားပြီးနောက် ၅၀၅(ခ)ဖြင့် အမှုဖွင့်၍ တရားရုံးရီမန်ယူကာ စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဒေါ်ညိုအေးသည် အမျိုးသမီးအခွင့်အရေးနှင့် တခြားလူမှုရေးကိစ္စများကို ကူညီဆောင်ရွက်ပေးနေသော အမျိုးသမီးတစ်ဦးဖြစ်ပြီး ယခုဆန်ပြဿနာနေ့အခမ်းနားသို့ ဖိတ်ကြားလာ၍ တက်ရောက်ရခြင်းဖြစ်သည်ဟု ၎င်း၏သမီးဖြစ်သူကပြောကြောင်း Arakan Human Rights Defenders and Promoters Associationကဖော်ပြထားသည်။

ဆန်ပြဿနာနေ့မှာ ၁၉၆၇ ခုနှစ် သြဂုတ်လ (၁၃)ရက်နေ့တွင်  ဦးနေဝင်းအစိုးရလက်ထက် ပြည်သူများသို့ စားသုံးဆန် မလုံမလောက်ပေးသည့်အတွက် စစ်တွေမြို့မှ လူငယ်များက ဆန္ဒဖေါ်ထုတ်ရာမှ ပြည်သူနှင့် စစ်တပ်ထိပ်တိုက်တိုးကာ ပစ်ခတ်မှုဖြစ်ပြီး လူ(၃၀၀)နီးပါးသေဆုံးခဲ့သည့်အတွက် ရခိုင်ပြည်သူများ၏ အောက်မေ့ဘွယ်နေ့တစ်နေ့ ဖြစ်သည်။

#TachileikNewsAgency

Photo : ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးအား ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က စစ်တွေမြို့မှ ဆန်ပြဿနာနေ့ အခမ်းအနားတွင် တွေ့ရစဉ်