တာချီလိတ်သို့ ခိုးဝင်ပြီး လိုင်စင်မဲ့ကားအသုံးပြုသည့် ထိုင်းလူငယ် ပြစ်ဒဏ်စေ့၍ ပြည်နှင်ဒဏ်ပေး

တာချီလိတ်သို့ ခိုးဝင်ပြီး လိုင်စင်မဲ့ကားအသုံးပြုသည့် ထိုင်းလူငယ် ပြစ်ဒဏ်စေ့၍ ပြည်နှင်ဒဏ်ပေး
ဒီဇင်ဘာ 19, 2019
By Tachileik News Agency
တာချီလိတ်သို့ ခိုးဝင်ပြီး လိုင်စင်မဲ့ကားအသုံးပြုသည့် ထိုင်းလူငယ် ပြစ်ဒဏ်စေ့၍ 
ပြည်နှင်ဒဏ်ပေး

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့သို့ တရားမဝင် ဝင်ရောက်လာပြီး လိုင်စင်မဲ့ကားအသုံးပြုသည့် ထိုင်းနိုင်ငံသား ထိနခွန်နိတလမှာ ပြစ်ဒဏ်စေ့ပြီဖြစ်၍ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၁၉) ရက်နေ့ နေ့လယ်ပိုင်းကတာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)မှတစ်ဆင့် ပြည်နှင်ဒဏ်ပေးလိုက်ပြီ ဖြစ်သည်။

အဆိုပါ ထိုင်းနိုင်ငံသားကို တာချီလိတ်ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့ ည (၉) နာရီကျော်တွင် ရန်အောင်မြေရပ်ကွက်၊ ပါလျှံမီးပွိုင့်၌ ပိတ်ဆို့စစ်ဆေးမှုပြုလုပ်နေစဉ် TOYOTA Mark X အမျိုးအစားမော်တော်ယာဉ် တစ်စီးက မီးနီနေစဉ် မီးပွိုင့်အား အရှိန်ပြင်းစွာ ဖြတ်မောင်းသွားခဲ့သဖြင့် လိုက်လံပိတ်ဆို့ ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်။

TOYOTA Mark X အမျိုးအစားမော်တော်ယာဉ်အား မောင်းလာသူမှာ အသက်(၂၉) နှစ်အရွယ် ထိုင်းနိုင်ငံသား ထိနခွန်နိလတဆိုသူဖြစ်ပြီး လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၃၄/၂၀၁၉၊ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်ထားရာမှ တာချီလိတ်ဘက်သို့ မယ်ဆိုင်ချောင်းမှ တရားမဝင် ဝင်ရောက်လာကြောင်း ထပ်မံစစ်ဆေးတွေ့ရှိရသဖြင့် လဝကဥပဒေဖြင့်ပါ အရေးယူခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိနခွန်နိလတမှာ လဝကအက်ဥပဒေပုဒ်မ ၃(၁)ကျူး/၁၃(၁)အရ ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် (၆) လ၊ သွင်းကုန်ပို့ကုန် ဥပဒေပုဒ်မ (၈) အရ ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် (၆) လ အသီးသီးချမှတ်ခံခဲ့ရပြီး အကျဉ်းထောင် လျှော့ရက်စည်းကမ်းများအရ ပြစ်ဒဏ်စေ့သွားသဖြင့် အမည်ပျက်စာရင်းရေးသွင်းကာ ပြည်နှင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~