တာချီလိတ်မြို့ မယ်ခေါင်ချောင်းအတွင်း ဘောလုံးဆင်းကောက်သည့် လူငယ်တစ်ဦးကို တညလွန်ပြီး နေ့တပိုင်းရောက်သည့်အချိန်အထိ ရှာမတွေ့သေး

တာချီလိတ်မြို့ မယ်ခေါင်ချောင်းအတွင်း ဘောလုံးဆင်းကောက်သည့် လူငယ်တစ်ဦးကို တညလွန်ပြီး နေ့တပိုင်းရောက်သည့်အချိန်အထိ ရှာမတွေ့သေး
နိုဝင်ဘာ 4, 2021 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်အတွင်းရှိ ရေစီးသန်နေသည့် မယ်ခေါင်ချောင်းထဲသို့ ဘောလုံးဆင်းကောက်ရာမှ ပျောက်သွားသည့် လူငယ်တစ်ဦးကို တစ်ညကျော်လွန်သည်အထိ ရှာဖွေ တွေ့ရှိရခြင်း မရှိသေးကြောင်း သိရသည်။

ဖြစ်စဉ်မှာ  ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့ ညနေ(၅)နာရီခွဲဝန်းကျင်အချိန်က ဦးကျဖ + ဒေါ်စီဘလု(ဓမ္မပညာသင်ဆရာမ)၏ သားဖြစ်သူ အသက်(၁၇)နှစ်ဝန်းကျင်ရှိ မောင်ဟေဇကိဆိုသည်သူ ရေစီးသန်နေသည့် မယ်ခေါင်ချောင်းအတွင်းသို့ ဘောလုံးဆင်းကောက်ရာမှ ပျောက်သွားသည့်အတွက် တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့ နှင့် အရန်မီးသတ်တပ်ဖွဲ့တို့ အပါအဝင် တိုင်းရင်းသားနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ည(၁၀)ကျော်အချိန်အထိ စုပေါင်းရှာဖွေနေသော်လည်း  တွေ့ရှိရခြင်း မရှိသေး၍ ယနေ့ နိုဝင်ဘာလ(၄)ရက်နေ့ နံနက်(၁၁)နာရီကျော်သည်အထိ ဆက်လက်ရှာဖွေသော်လည်း မတွေ့ရသေးကြောင်း သိရသည်။

ရှာဖွေတွေ့ရှိရန် သဲလွန်စအနေဖြင့် နိုဝင်ဘာလ(၃)ရက်နေ့ ညနေပိုင်းက မယ်ခေါင်ချောင်းအတွင်း ငါးမျှားနေသူ တစ်ဦးက ဘောလုံးနှင့်လူ အတူမျှောလာပြီး ငါးမျှားချိတ်တွင် လာငြိသည့်အတွက် ငါးမျှားသူမှာ ကြောက်လန့်ပြီး ထွက်ပြေးကြောင်း သိရသည့်အတွက် ချောင်းအတွင်း ဆက်လက်ရှာဖွေမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။ 



 

မယ်ခေါင်ချောင်းမှာ ပုံမှန်အားဖြင့် ရေတည်ငြိမ်နေသော်လည်း ယခုရက်ပိုင်းအတွင်းက မိုးရွာသွန်းပြီး တောင်ကျရေများကြောင့် ရေစီးသန်နေရခြင်းဖြစ်ပြီး မယ်ခေါင်ချောင်းရေသည် ရွှေဝါနဒီပန်းခြံကို ဖြတ်သန်းကာ မယ်ဆိုင်ချောင်းသို့ စီးဆင်းသည်။