အာဏာသိမ်းစစ်အုပ်စု၏ ထုတ်ကုန်များ မရောင်းချရေး PSLF/TNLA က ဒေသတွင်းစစ်ဆေးအရေးယူ

အာဏာသိမ်းစစ်အုပ်စု၏ ထုတ်ကုန်များ မရောင်းချရေး PSLF/TNLA က ဒေသတွင်းစစ်ဆေးအရေးယူ
By Tachileik News Agency

အာဏာသိမ်းစစ်အုပ်စု၏ စီးပွားရေးထုတ်ကုန်များကို ဒေသတွင်း ရောင်းဝယ်ဖေါက်ကားမှုမပြုလုပ်ရန် တားမြစ်ထားသည့် တအာင်းတပ်မတော် (PSLF/TNLA)က ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၄)ရက်နေ့တွင်  ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ လုံတောက်ကျေးရွာအတွင်းရှိ ဈေးဆိုင်များကို စစ်ဆေးသည်ဟု သိရသည်။

ဈေးဆိုင်များတွင် ရောင်းချနေသည့် စစ်အာဏာသိမ်းအုပ်စု၏ စီးပွားရေးထုတ်ကုန်များဖြစ်သည့် Premium Gold ဆေးလိပ်၊ Red Ruby ဆေးလိပ်၊ Myanmar Beer နှင့် Speed အချိုရည်တို့ကို စစ်ဆေးတွေ့ရှိသဖြင့် ကုန်ပစ္စည်းများကို ဖျက်ဆီးပြီး ရောင်းချသည့်ဆိုင်ရှင်များကို ကျေးရွာလူထုအတွက် လုပ်အား(၃) ရက်ပေးရန် ပြစ်ဒဏ်ပေးထားသည်ဟု သိရသည်။

ယင်းအပြင် နောက်နောင် ရောင်းချခြင်းမပြုပါဟုလည်း ဝန်ခံကတိလက်မှတ်ရေးထိုးခိုင်းကြောင်း သိရသည်။

PSLF/TNLA က ဒေသတွင်း စစ်ကောင်စီတပ် ထုတ်ကုန်များ ရောင်းဝယ်ဖေါက်ကားမှုအခြေအနေကို စစ်ဆေးလေ့ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလ (၆) ရက်နေ့တွင်လည်း နမ့်ဆန်မြို့နယ် အမှတ် (၄) တိုက်နယ်မှ ဘုရားကြီး ကျေးရွာအတွင်း ဈေးဆိုင်များကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ဖေဖေါ်ဝါရီလအတွင်း စစ်အုပ်စုက နိုင်ငံ့အာဏာသိမ်းလိုက်ပြီးနောက် စစ်တပ်နှင့်ဆက်စပ်လုပ်ငန်းများ၏ စီးပွားရေးထုတ်ကုန်များအား ပြည်သူများက မရောင်းချ၊ မသုံးစွဲခြင်းဖြင့် ၎င်းတို့၏ စီးပွားရေးကို အထောက်အပံ့မပြုကြမည့် လှုပ်ရှားမှုများနှင့် တိုင်းရင်းသားလက်နက်တော်လှန်ရေးအဖွဲ့အချို့ကလည်း ၎င်းတို့နယ်မြေများတွင် အလားတူလှုပ်ရှားမှုများ လုပ်ဆောင်နေကြခြင်းဖြစ်သည်။