အိန္ဒိယနှင့် ပါကစ္စတန်ကို မုန်တိုင်းဝင်မည်ဖြစ်ပြီး လူဦးရေ (၁၈၀,၀၀၀) ကျော်ကို ရွှေ့ပြောင်းထား

အိန္ဒိယနှင့် ပါကစ္စတန်ကို မုန်တိုင်းဝင်မည်ဖြစ်ပြီး လူဦးရေ (၁၈၀,၀၀၀) ကျော်ကို ရွှေ့ပြောင်းထား
By Mr John

 အိန္ဒိယ နှင့် ပါကစ္စတန်နိုင်ငံတို့တွင် Biparjoy ဆိုင်ကလုန်းမုန်တိုင်း (Cyclone Biparjoy) ချဥ်းကပ်လာမှုကြောင့် မုန်တိုင်းလမ်းကြောင်းတစ်လျှောက်ရှိ ကမ်းရိုးတန်းဒေသများတွင် နေထိုင်သူ (၁၈၀,၀၀၀) ကျော်ကို ရွှေ့ပြောင်းကြရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း သိရသည်။ 

အာရေဗီယန်ပင်လယ်တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမှာ ဇွန်လ (၁၅) ရက် ညပိုင်းတွင် ကုန်းတွင်းပိုင်းကို ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။

Biparjoy ဆိုင်ကလုန်းမုန်တိုင်းက အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် Jakhau ဆိပ်ကမ်းမှ (၆၂) မိုင်အကွာနှင့် ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိဆိပ်ကမ်းမှ (၁၄၉) မိုင်အကွာ ပင်လယ်ပြင်တွင် ဗဟိုပြုတိုက်ခတ်နေခဲ့ကြောင်း မိုးလေဝသဌာန အရာရှိများက ဆိုသည်။ 

"ဇွန်လ (၁၅) ရက် ည (၈) နာရီဝန်းကျင် ဒါမှမဟုတ် ည (၈) နာရီခွဲလောက်မှာ ဆိုင်ကလုန်းမုန်တိုင်း ကုန်းတွင်းပိုင်းကိုဝင်မယ်လို့ ကျမတို့ ခန့်မှန်းထားပါတယ်" ဟု အိန္ဒိယမိုးလေဝသဌာန India Meteorological Department (IMD) ၏ ဂူဂျာရတ်ပြည်နယ်ဆိုင်ရာ ညွှန်ကြားရေးမှူး Manorama Mohanty က ‌ပြောသည်။

ကုန်းတွင်းပိုင်းတွင် မုန်တိုင်းတိုက်ခတ်မှုဖြစ်စဥ်မှာ ဇွန်လ (၁၅) ရက်နေ့ ညသန်းခေါင်အချိန်အထိ ကြာမြင့်နိုင်ကြောင်း IMD က သတိပေးထားသည်။ 

IMD ထုတ်ပြန်ချက်အရ မုန်တိုင်းကြောင့် အာရေဗီယန်ပင်လယ်တွင် ဒီရေလှိုင်းများ အမြင့် (၇) ပေမှ (၁၀) ပေအထိ မြင့်တက်နိုင်ပြီး အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံလုံးရှိ မြေနိမ့်ပိုင်း ကမ်းရိုးတန်းနေရာများတွင် ရေကြီးမှုဖြစ်ပေါ်နိုင်ကြောင်း IMD က ထုတ်ပြန်ထားသည်။ 

Biparjoy ဆိုင်ကလုန်းမုန်တိုင်း၏ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၇၁) မိုင်မှ (၇၈) မိုင်အထိ ရှိနိုင်ကြောင်းနှင့် ဇွန်လ (၁၄) ရက်နေ့ကထက် အားလျော့နည်းသွားကြောင်း သိရသည်။

မုန်တိုင်းဝင်ရောက်မည့် အန္တရာယ်ကြောင့် အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်၏ ခရိုင် (၈) ခုမှ လူဦးရေ (၁၀၀,၀၀၀) ကျော်ကို ယာယီခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းထားကြောင်း ပြည်နယ်အစိုးရက ပြောသည်။ 

အိန္ဒိယနှင့်အိမ်နီးချင်း ပါကစ္စတန်တွင်လည်း အာဏာပိုင်များက မုန်တိုင်းအန္တရာယ်မြင့်မားသည့် ကမ်းရိုးတန်းနေရာများမှ လူဦးရေ (၈၂,၀၀၀) ခန့်ကို ရွှေ့ပြောင်းစေခဲ့ကြောင်း သိရသည်။

 

Source: Reuters

Photo: REUTERS/Akhtar Soomro,  REUTERS/Francis Mascarenhas,