ပြည်သူလူထုအပေါ် အကြမ်းဖက် နှိမ်နှင်းသူများအား US က ဒဏ်ခတ်အရေးယူခြင်း တိုးမြှင့်မည် 

ပြည်သူလူထုအပေါ် အကြမ်းဖက် နှိမ်နှင်းသူများအား US က ဒဏ်ခတ်အရေးယူခြင်း တိုးမြှင့်မည် 

စစ်တပ်ကအာဏာသိမ်းပြီး ဖွဲ့ထားသည့်ကောင်စီတွင် ပါဝင်သူ (၂)ဦးကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်အရေးယူသည့်စာရင်းတွင် ထပ်တိုးထည့်သွင်းလိုက်ပြီး ပြည်သူလူထု၏ဆန္ဒအား အကြမ်းဖက်၍နှိမ်နှင်းမှု ကျူးလွန်သူများကို ထပ်မံတိုးမြှင့်အရေးယူမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

"လူ(၄)ဦးသေဆုံးပြီး (၄၀) ကျော်ဒဏ်ရာရရှိစေခဲ့သော လက်နက်မဲ့ဆန္ဒပြသူများအပေါ် လုံခြုံရေးတပ်ဖွဲ့များ၏ ရက်ရက်စက်စက်တိုက်ခိုက်မှုကို မိမိတို့ ကန့်ကွက်ရှုတ်ချပါသည်။ ရာနှင့်ချီသော နိုင်ငံရေးသမားများ၊ လူ့ခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် ငြိမ်းချမ်းစွာဆန္ဒပြသူများကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းနေခြင်းအတွက်လည်း မိမိတို့ ကန့်ကွက်ရှုတ်ချပါသည်။ အမေရိကန်ပြည်ထောင်စုသည် ပြည်သူလူထုအပေါ်အကြမ်းဖက်မှုကို လက်မခံသည့်အကြောင်း မိမိတို့၏ မိတ်ဖက်များ၊ မဟာမိတ်များနှင့်အနီးကပ်လက်တွဲ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုနှင့်အတူ စစ်တပ်ကိုအထူးအလေးပေးပြောကြားလိုပါသည်။ "ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကင်၏ ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှစ်ဦးဖြစ်သော ဦးမောင်မောင်ကျော် နှင့် ဦးမိုးမြင့်ထွန်းတို့ကို ဒဏ်ခတ်အရေးယူသည့်စာရင်း၌  ထပ်မံထည့်သွင်းခြင်းဖြင့် အမေရိကန်ပြည်ထောင်စုက တုံ့ပြန်လိုက်ပါသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားခြင်း ဖြစ်သည်။

လက်ရှိအချိန်ထိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်‌‌ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ(ဒုသမ္မတ)တို့ကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်အရေးယူထားပြီဖြစ်သည်။

စစ်တပ်နှင့်ရဲတပ်ဖွဲ့အနေဖြင့် ငြိမ်းချမ်းစွာဆန္ဒပြနေသူများအပေါ်တိုက်ခိုက်နေမှုအားလုံးရပ်တန့်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးချက်ချင်းပြန်လွှတ်ပေးရန်၊ သတင်းသမားများနှင့် တက်ကြွလှုပ်ရှားသူများအပေါ် ခြိမ်းခြောက်တိုက်ခိုက်နေမှုများရပ်တန့်ရန်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသောအစိုးရကို အာဏာပြန်ပေးရန်ကိုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုထားပြီး အာဏာသိမ်းခေါင်းဆောင်များနှင့် အကြမ်းဖက်မှုများအတွက် တာဝန်ရှိသူများကို တာဝန်ခံမှု၊ တာန်ယူမှုရှိစေရေး တိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်မည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

Tachileik News Agency