ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျောင်းဝန်းအနီးကျကာ ကျောင်းသူတစ်ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရ

ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျောင်းဝန်းအနီးကျကာ ကျောင်းသူတစ်ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရ
အောက်တိုဘာ 14, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် ကော့ကရိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဝန်းကြီးအနီးသို့ စစ်ကောင်စီတပ် စကခ(၁၂) လက်အောက်ခံ အမြောက်တပ်မှ ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၃)ရက်နေ့က လက်နက်ကြီးနှင့်ပစ်ခတ်ရာ ကျောင်းသူတစ်ဦး သေဆုံးပြီး (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးသည် ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ဝန်းကြီးအနီးသို့ ကျရောက်ပေါက်ကွဲရာ နှစ်ဝက်စာမေးပွဲဖြေဆိုပြီး ကျောင်းဆင်းချိန် အိမ်ပြန်လာသည့် ကျောင်းသူ(၃)ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ရကြောင်း KNUဗဟိုထံမှ သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ကော့ကရိတ်မြို့နယ်၊  နန်းကော်တိုးကျေးရွာနေ Grad-1မှ အသက်(၆)နှစ်အရွယ် နော်ဝေဝေနှင်း၊ Grade-4မှ အသက်(၁၂)အရွယ် နော်ခုခုဖောနှင့်  နန်းကော်တိုးကျေးရွာနေ Grade-9မှ အသက်(၁၆)နှစ်အရွယ် နော်ဆုယဥ်အေးတို့မှာ ဒဏ်ရာရပြီး Grade-4 မှ အသက်(၁၂)နှစ်အရွယ် နော်မိုးမိုးအေးမှာ သေဆုံးခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency