မြင်းခြံအကျဉ်းထောင်တွင် နိုင်ကျဉ်းတစ်ဦး ထောင်ဦးစီးနှင့် ဝန်ထမ်းများ၏ ရိုက်နှက်ခြင်းကြောင့် သေဆုံး

မြင်းခြံအကျဉ်းထောင်တွင် နိုင်ကျဉ်းတစ်ဦး ထောင်ဦးစီးနှင့် ဝန်ထမ်းများ၏ ရိုက်နှက်ခြင်းကြောင့် သေဆုံး

မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်တွင် အသက်(၂၂)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ထောင်ဦးစီးမှူးမှ ရိုက်နှက်ပြီးနောက် (၅)ရက်အကြာတွင် သေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရသည်။

သေဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသား ကိုနိုင်ဝင်းထွန်း(ခ)ဖားပြုတ် အလောင်းကို ပြန်လည်ရရှိခြင်း မရှိသည့် အပြင် မိသားစုဝင်များလည်း သိရှိခြင်းမရှိသေးဟု သိရသည်။

“ကျွန်တော်တို့ ဒီသတင်းကို လိုက်နေတာတော့ကြာပါပြီ။ ထောင်ကလည်း သတင်းအမှောင်တွေ ချလာတယ်။ မြန်မာနိုင်ငံရဲ့အကျဉ်းထောင်အသီးသီးမှာ ဖြစ်တဲ့ကိစ္စတွေကို အပြင်ကို မထွက်အောင် တော်တော်လေးကို သတင်း အမှောင်ချလာတာဖြစ်တဲ့အတွက် ကျွန်တော်တို့ ဒီသတင်းကို အသေးစိတ် ဓာတ်ပုံတွေရအောင်အထိ ကြိုးစားခဲ့ပေမယ့် အခြေအနေအရ မပေးဘူးပေါ့နော်။ ဒီတော့ ရှိတဲ့ အချက်အလက်ပေါ်မှာ သေဆုံးတာလည်း မှန်ကန်တယ်၊ ရိုက်နှက်ခံရတာလည်း မှန်ကန်တယ်၊ တိုက်ပိတ်ခံရတာလည်း မှန်ကန်တယ်ဆိုတဲ့အတွက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက Tachileik News Agency ကို ၂၀၂၄ခုနှစ် ဧပြီလ(၆)ရက်နေ့တွင် ပြောသည်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင် ၂၀၂၁ခုနှစ်က ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက်ပုဒ်မ မတရားတပ်၍ ထောင်ဒဏ်အနှစ်(၂၀) မတရားချခံထားရကာ အင်းစိန်ဗဟိုအကျဉ်းထောင်မှ မြင်းခြံအကျဉ်းထောင်သို့ ပြောင်းခံရသူ ကိုနိုင်ဝင်းထွန်း(ခ)ဖားပြုတ်အား ပြီးခဲ့သည့် ၂၀၂၄ခုနှစ် မတ်လ(၁၂)ရက်နေ့တွင် အကျဉ်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာတွင် ပါဝင်သည့်အတွက် မြင်းခြံအကျဉ်းထောင်ဦးစီးမှူး ဝင်းနိုင်စိုးနှင့်အခြားအဆင့် ထောင်ဝန် ထမ်းငယ်များက ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ခိုက်ရန်ဖြစ်ပွားရာတွင် ပါဝင်သူ(၃)ဦးကို တိုက်ပိတ်ခဲ့ပြီး တိုက်ပိတ်ပြစ်ဒဏ်ပေးရာတွင် ကိုနိုင်ဝင်းထွန်း (ခ)ဖားပြုတ်ကို သီးသန့်တစ်ဦးတည်း တိုက်ပိတ်ခဲ့ကြောင်း သိရသည်။

တိုက်ပိတ်ပြီးနောက် (၅)ရက်အကြာ မတ်လ(၁၇)ရက်နေ့တွင် တိုက်ပိတ်ပြစ်ဒဏ်ပေးရာတွင် ကိုနိုင်ဝင်းထွန်း (ခ)ဖားပြုတ်မှာ သေဆုံးခဲ့ပြီး ရိုက်နှက်နှိပ်စက်မှုကြောင့် သေဆုံးခဲ့ရမှု့အပေါ် အကျဉ်းထောင်အာဏာပိုင်များက ကျောက်ကပ်ရောဂါနှင့် နှလုံးရောဂါကြောင့် သေဆုံးခဲ့သည်ဟု ညနေပိုင်းတွင် အကျဉ်းထောင်တွင်း ပြန်လည် ရှင်းလင်းပြောဆိုမှု ပြုလုပ်ခဲ့သော်လည်း အမှန်တကယ် သေဆုံးရသည့် အကြောင်းအရင်းမှာ ရိုက်နှက်ခံရသည့် ဒဏ်ရာများကို  ဆေးဝါးကုသခွင့်မှု မပေးသည့်အတွက်ကြောင့် ဖြစ်သည်ဟု သိရသည်။

“သေဆုံးမှု ဖြစ်မှသာ ဒီလူက ရောဂါအခံရှိတယ်လို့ အကျဉ်းဦးစီးဘက်က ပြောတယ်။ တကယ်တော့ ဒီတစ်ယောက်က ရောဂါအခံရှိလို့ ဆုံးတယ်ဆိုလို့ရှိရင် မဆုံးခင်(၅)ရက်လောက်အလိုကတည်းက အကျဉ်းထောင် ရဲ့ဆေးရုံမှာ တက်ရောက်ကုသခွင့် ရနေရမယ့်သူ ဖြစ်သင့်တယ်။ အဲဒီလိုမျိုး ရောဂါရှိတဲ့ သူတစ်ယောက်ကို သိသိ ကြီးနဲ့ ဥပဒေမဲ့ရိုက်နှက်မှုကိုပြုလုပ်ခဲ့တာလားဆိုတဲ့ မေးခွန်းဖြစ်သလို သူတို့တွေ ရိုက်နှက်နှိပ်စက်ခဲ့တာမှန်ရင် ရောဂါအခံရှိတဲ့သူတွေကို ရောဂါအခံရှိတာကိုသိသိကြီးနဲ့ ဘာလို့ရိုက်နှက်ခဲ့တာလဲလို့ မေးချင်ပါတယ်ဗျ။”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

ယခုနှစ် မတ်လအတွင်း အကျဉ်းထောင်တွင်းနှင့် ထောင်ပြင်ပတွင် သတ်ဖြတ်ခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသား (၄)ဦးအထိရှိ လာပြီဖြစ်သည်ဟုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ထံမှ သိရသည်။