တန့်ဆည်မြို့နယ်အတွင်း ဖြတ်သန်းရာတလျှောက်ရှိ ကျေးရွာများမှ နေအိမ်များကိုမီးရှို့ ဖျက်ဆီး၊ လက်နက်ကြီးဖြင့် ပစ်ခတ်

တန့်ဆည်မြို့နယ်အတွင်း ဖြတ်သန်းရာတလျှောက်ရှိ ကျေးရွာများမှ နေအိမ်များကိုမီးရှို့ ဖျက်ဆီး၊ လက်နက်ကြီးဖြင့် ပစ်ခတ်
ဖေဖော်ဝါရီ 11, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းသို့ ကျွန်းလှမြို့နယ်ဘက်မှ ဝင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်သည် ၎င်းတို့ဖြတ်သန်းရာတလျှောက်ကျေးရွာများတွင် နေအိမ်များ မီးရှို့ဖျက်ဆီးလာရာ   ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့တွင် ခရုတောနှင့် ကာပေါင်းကျရွာများကို မီးရှို့ဖျက်ဆီးကြောင်း သိရသည်။

"အိမ်တလုံးဆိုတာ ဘိုးစဉ်ဘောင်ဆက် ချွေးမြေကျအောင် မနည်း လုပ်ရတာ။ ဒါကို နယ်ခံ ဗိုလ်တွေ၊ စစ်သားတွေသိမှာ။ အရင်က ရွာက စစ်ဗိုလ်ရှိလို့ ဂုဏ်ယူမဆုံး။ ခုတော့ အဲဒီကောင်တွေရှိတော့ ပိုကြောက်။ အဲဒီဗိုလ်တွေ ကိုယ့်ရွာ ကိုယ့်နယ် အခြေအနေအမှန် သိအောင်လာြပီး လုပ်ကြအုံး။ မဲမဲ လုံးလုံးကြီးပြောတာ စွတ်မယုံနဲ့ဦး"ဟု ရွာမီးရှို့ခံရသည့် ဒေသခံတစ်ဦးက ဆိုသည်။

အင်အားရာဂဏန်းပါသည့် အာဏာသိမ်းစစ်ကောင်စီတပ်သည်  ကျွန်းလှနယ်မှ ဝင်လာကြခြင်းဖြစ်ပြီး ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့အထိ ၎င်းတို့လာရာလမ်းတလျှောက်ရှိ  ပုတီး၊ ထန်းကုန်းကြီး၊ ပေချောင်၊ ခရုတောနှင့် ကာပေါင်းကျ ကျေးရွာများမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် နေအိမ်များ ဖေါက်ထွင်းခြင်း၊ ဖျက်ဆီးခြင်း၊ ဒေသခံများကို လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်ခြင်းများလည်း လုပ်နေသည်ဟု သိရသည်။

ယမန်နေ့များက ပုတီး၊ ထန်းကုန်းကြီး၊ ပေချောင်တို့တွင် မီးရှို့လာသည့် အာဏာသိမ်းစစ်တပ်သည် ယနေ့ နံနက်ပိုင်းတွင် ခရုတောရွာကို မီးရှို့ပြီးထွက်ခွာလာကာ ညနေ (၆)နာရီကျော်တွင် ကာပေါင်းကျရွာကို လက်နက်ကြီးများ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။

ယင်းအပြင်  ယနေ့ ညနေ (၆) နာရီခန့်က ရေဦးမြို့နယ်၊ ပလူဇဝကျေးရွာမှ ထွက်လာသော အာဏာသိမ်းစစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်သည် တန့်ဆည်မြို့နယ်၊ တောဂျင်ရွာသို့  လက်နက်ကြီး (၇) ချက် ပစ်ခတ်ဝင်ရောက်လာရာ လက်နက်ကြီးကျသဖြင့် နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ပြည်သူ့နေအိမ်များ မီးရှို့ဖျက်ဆီးလာသည့် အာဏာသိမ်းစစ်တပ်ကို KPK PDF က ကာပေါင်းကျရွာအနီးတွင် ယနေ့ညနေပိုင်းက မိုင်းပဒေသာ (၆)လုံးဖြင့် တိုက်ခိုက်ကြောင်း သိရသည်။