ဒေါ်နယ်ထရမ့်က လွှတ်တော်အဆောက်အအုံ ဆူပူအုကြွမှုတွင် ပါဝင်လိုခဲ့

Photo: REUTERS/Jim Bourg/File Photo
Photo: REUTERS/Jim Bourg/File Photo
ဒေါ်နယ်ထရမ့်က လွှတ်တော်အဆောက်အအုံ ဆူပူအုကြွမှုတွင် ပါဝင်လိုခဲ့
By Mr John

ဒေါ်နယ်ထရမ့်က လွှတ်တော်အဆောက်အအုံ ဆူပူအုကြွမှုတွင် ပါဝင်လိုခဲ့သည်ဟု အိမ်ဖြူတော်လက်ထောက်ဟောင်းက ထွက်ဆို

၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့တွင် ဒေါ်နယ်ထရမ့်အားထောက်ခံသူများက လွှတ်တော်အဆောက်အအုံကို ဆူပူအုံကြွ စီးနင်းခဲ့ကြစဥ် ၎င်းကို ထိုနေရာသို့ ပို့ဆောင်ပေးရန် ပြောဆိုရာ လုံခြုံရေးတာဝန်ရှိသူများက ငြင်းဆန်၍ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သမ္မတကား၏ စတီယာရင်ကိုကိုင်ရန် ကြိုးစားခဲ့ကြောင်း လက်ထောက်ဟောင်းတစ်ဦးက လွှတ်တော်ရှေ့မှောက်တွင် ဇွန်လ (၂၈) ရက်နေ့ ကြားနာမှုအတွင်း ထွက်ဆိုခဲ့သည်။

ထိုနေ့က အိမ်ဖြူတော်အပြင်ဘက်တွင် ၎င်း၏မိန့်ခွန်းအတွက် လာရောက်စုရုံးကြသည့် ၎င်းအားထောက်ခံသူများအနက် အချို့က AR-15 ပုံစံ ရိုင်ဖယ်သေနတ်များ ယူဆောင်လာခဲ့မှုအပေါ် စိုးရိမ်ပူပန်မှုများအား ထရမ့်က ပယ်ချခဲ့သည်။ 

ထို့အပြင် လူအုပ်စုပိုကြီးလာစေရန်အတွက် လာရောက်စုရုံးကြသူများကို သတ္တုစစ်ဆေးသည့် ကိရိယာများဖြင့် စစ်ဆေးနေမှု ရပ်တန့်ရန်လည်း လုံခြုံရေးအဖွဲ့ကို ပြောခဲ့ကြောင်းလည်း လက်ထောက်ဟောင်းက ဆိုသည်။

လွှတ်တော်အဆောက်အအုံ ဆူပူအုံကြွ စီးနင်းခံရမှုဖြစ်ရပ်ကို (၆) ရက်မြောက်အဖြစ် ဇွန်လ (၂၈) ရက်နေ့က အောက်လွှတ်တော် (House of Representatives) တွင် ကြားနာမှုအတွင်း ထရမ့်လက်ထက် အိမ်ဖြူတော်ဝန်ထမ်းအကြီးအမှူး Mark Meadows ၏ ထိပ်တန်းလက်ထောက်တစ်ဦးဖြစ်သူ Cassidy Hutchinson က ထိုသို့ ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။ 

ထောက်ခံသူများက ၎င်းကို ထိခိုက်ရန်မဟုတ်ကြောင်း ထရမ့်က ထိုနေ့ (၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၆) ရက်) နံနက်ပိုင်းတွင် ပြောခဲ့သည်ဟု Cassidy Hutchinson က ဆိုသည်။

ထရမ့်က ထိုသို့ ပြောဆိုမှုကို Secret Service အကြီးတန်းအရာရှိ Tony Ornato က သူမကို တစ်ဆင့်ပြန်ပြောခဲ့ကြောင်း Hutchinson က ထွက်ဆိုခဲ့သည်။ 

New York Times နှင့်  NBC သတင်းဌာနတို့က Secret Service ရှိ သတင်းရင်းမြစ်များကို ကိုးကားဖော်ပြမှုအရမူ ထရမ့်၏ လုံခြုံရေးအဖွဲ့အကြီးအကဲ Robert Engel နှင့် သမ္မတကားမောင်းသူတို့က ထရမ့်က ကားစတီယာရင်ကို လုံးဝ မကိုင်ခဲ့ကြောင်း ကျမ်းကျိန်ထွက်ဆိုရန် ပြင်ဆင်ထားသည်ဟု သိရသည်။ 

Hutchinson ၏ ထွက်ဆိုမှုအရ Ornato က သူမကို တစ်ဆင့်ပြန်ပြောပြစဥ် အခန်းထဲတွင် Engel ရှိနေခဲ့သည်ဟု ဆိုသည်။

New York Times နှင့် CNN သတင်းဌာနတို့က အမည်မဖော်သည့် သတင်းရင်းမြစ်များကို ကိုးကားဖော်ပြရာတွင်လည်း Ornato က Hutchinson ၏ ပြောဆိုမှုများကို မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပြီး လွှတ်တော်ရှေ့မှောက်တွင် ကိုယ်တိုင်ထွက်ဆိုသွားရန် ဆန္ဒရှိကြောင်း သိရသည်။ 

ထရမ့်က ၎င်းရှုံးနိမ့်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ရန် ထိုစဥ် ဒုတိယသမ္မတဖြစ်သူ မိုက်ပင့်စ်အား ဖိအားပေးခဲ့ကြောင်းနှင့် ထိုသို့ လုပ်ဆောင်ခြင်းက တရားမဝင်ကြောင်း အကြိမ်ကြိမ် ပြောခဲ့သော်လည်း လက်မခံခဲ့ကြောင်း မိုက်ပင့်စ်၏ လက်ထောက်များကလည်း လွှတ်တော်အဆောက်အအုံ စီးနင်းခံရမှုဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးသည့် လွှတ်တော်ကော်မတီကို ဇွန်လ (၁၆) ရက်တွင် ထွက်ဆိုခဲ့သည်။

ထို့အပြင် ထရမ့်က လွှတ်တော်အဆောက်အအုံ ဆူပူအုံကြွ စီးနင်းမှုကို ကြိုးကိုင်စီစဥ်ပြီး အာဏာသိမ်းရန်ကြိုးပမ်းခဲ့ကြောင်း ထိုဖြစ်ရပ်ကို ကြားနာစစ်ဆေးသည့် လွှတ်တော်စုံစမ်းရေးကော်မတီက စွပ်စွဲထားသည်။ 

ထရမ့်က ထိုစီးနင်းတိုက်ခိုက်မှုဖြစ်စေရန် အစပျိုး မီးမွှေးခဲ့သည်ဟု ရီပတ်ဘလစ်ကင်တစ်ဦးဖြစ်သူ စုံစမ်းမှုကော်မတီ ဒုတိယဥက္ကဌ Liz Cheney က ပြောခဲ့သည်။ 

ထိုဆူပူအုံကြွမှုက အမေရိကန်ဒီမိုကရေစီကို အန္တရာယ်ပြုခဲ့ကြောင်း ဒီမိုကရက်တစ် လွှတ်တော်အမတ် Bennie Thompson က ဆိုသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့တွင် ဂျိုးဘိုင်ဒန်၏ ရွေးကောက်ပွဲအောင်နိုင်မှုကို အတည်ပြုရန် လွှတ်တော်အစည်းအဝေး ကျင်းပနေစဥ် ထရမ့်ကိုထောက်ခံသူများက အမေရိကန်လွှတ်တော်အဆောက်အအုံကို အကြမ်းဖက်စီးနင်းခဲ့ကြခြင်း ဖြစ်သည်။ 

ထိုဖြစ်ရပ်ကို တစ်နှစ်နီးပါးကြာ စုံစမ်းစစ်ဆေးခဲ့ပြီနောက် ဒီမိုကရက်တစ် ဦးဆောင်သည့် အောက်လွှတ်တော်ကော်မတီက ဇွန်လအတွင်း ကြားနာမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

ထရမ့်ကိုထောက်ခံသူများက အမေရိကန်လွှတ်တော်အဆောက်အအုံကို ဆူပူအုံကြွ စီးနင်းသည့်ဖြစ်ရပ်မှာ ရုပ်ဆိုးအကျည်းတန်သည့် ဖြစ်ရပ်တစ်ခုအဖြစ် ကမ္ဘာ့တဝန်းတွင် ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်ခဲ့သည်။ 

ထိုဖြစ်ရပ်အတွင်း ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် လက်နက်မဲ့ အမျိုးသမီးတစ်ဦး အပါအဝင် လူ (၄) ဦး သေဆုံးခဲ့ပြီး ရဲအရာရှိ (၁၀၀) ကျော် ဒဏ်ရာရခဲ့သည်။ 

နောက်ပိုင်းတွင် အခြား ရဲအရာရှိ (၄) ဦးက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုကြောင့် သေဆုံးခဲ့သည်။

Source: Reuters, BBC