ယူကရိန်းသမ္မတ၏ ဇာတိမြို့ရှိ လူနေတိုက်ခန်းတွဲကို ရုရှားက ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံး

Photo: AP
Photo: AP
ယူကရိန်းသမ္မတ၏ ဇာတိမြို့ရှိ လူနေတိုက်ခန်းတွဲကို ရုရှားက ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံး
By Mr John

ရုရှားက ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီး၏ ဇာတိမြို့ဖြစ်သည့် Kryvyi Rih မြို့ရှိ လူနေတိုက်ခန်းတွဲ အဆောက်အအုံတစ်ခုကို ၂၀၂၃ ခုနှစ် ဇွန်လ (၁၃) ရက်နေ့တွင် ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့မှုကြောင့်  အရပ်သား (၁၁) ဦးထက်မနည်း သေဆုံးသွားကြောင်း သိရသည်။

ရုရှားက ဇွန်လ (၁၃) ရက်နေ့ နံနက်အစောပိုင်းတွင်  Kryvyi မြို့ကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူ (၂၅) ဦးထက်မနည်းလည်း ဒဏ်ရာရခဲ့သည့်အပြင် အပျက်အစီးများအောက်တွင် ပိတ်မိနေသူများလည်းရှိနေနိုင်သေးကြောင်း သိရသည်။

မိုးချုန်းသကဲ့သို့ အသံနှင့်အတူ ပေါက်ကွဲမှုတစ်ခုကြောင့် အိပ်ပျော်နေရာမှ လန့်နိုးသွားခဲ့ပြီး အိပ်ရာပေါ်မှ လွင့်ထွက်သွားခဲ့ကြောင်း ဒုံးကျည်ထိမှန်ခဲ့သည့် အထပ် (၅) ထပ်ပါ လူနေတိုက်ခန်းတွဲ အဆောက်အအုံတွင် နေထိုင်သူ Olha Chernousova အမည်ရှိ အမျိုးသမီးက ဆိုသည်။ 

ကျွန်မ အိမ်ခန်းရဲ့ အရှေ့တံခါးကို ပြေးသွားခဲ့တယ်။ ဒါပေမဲ့ အဲဒီမှာ အရမ်းပူနေပြီး မီးခိုးတွေက အများကြီးပဲ။ ကျွန်မ ဘာလုပ်နိုင်မှာလဲ။ ဝရန်တာမှာ ထိုင်နေခဲ့တယ်။ သတိလစ်သွားမှာ ကြောက်မိတယ်။ တော်တော်ကြာတဲ့အထိ ဘယ်သူမှ ရောက်မလာခဲ့ဘူး။ ဝရန်တာကနေ သစ်ပင်တစ်ပင်ပေါ်ကို ခုန်ချမလားလို့တောင် တွေးမိခဲ့တယ်

 ဟု Olha က ပြောသည်။

ရုရှားက ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ (၁၁) ဦး သေဆုံးခဲ့ကြောင်း Kyvyi မြို့၏ မြို့တော်ဝန် Oleksandr Vilkul က အတည်ပြုခဲ့သည်။ 

ရုရှား လူသတ်သမားတွေက လူနေအဆောက်အအုံတွေ၊ မြို့တွေနဲ့ အရပ်သားပြည်သူတွေကို ဆက်လက် စစ်ပွဲဆင်နွှဲနေကြတယ်

 ဟု Kyvyi မြို့တွင် မွေးဖွားခဲ့သူ ယူကရိန်းသမ္မတ ဇီလန်းစကီးက Telegram တွင် ပြောခဲ့သည်။



Source: Reuters