ဩစတြေးလျတွင် COVID-19 ကြောင့် ဆေးရုံတက်ရသည့်အရေအတွက် စံချိန်တင် မြှင့်တက်

ဩစတြေးလျတွင် COVID-19 ကြောင့် ဆေးရုံတက်ရသည့်အရေအတွက် စံချိန်တင် မြှင့်တက်
By Mr John

 

ဩစတြေးလျနိုင်ငံတွင် COVID-19 ကြောင့် ဆေးရုံတက်ရသည့် လူနာအရေအတွက် စံချိန်တင် မြှင့်တက်ခဲ့ပြီး ဇူလိုင်လ (၂၅) ရက်နေ့က ၅,၄၅၀ ဦးခန့်ရှိခဲ့ကြောင်း အစိုးရ၏ တရားဝင်အချက်အလက်အရ သိရှိရသည်။ 

အလွန်ကူးစက်မြန်သည့် အိုမီခရွန်ဗိုင်းရပ်စ် ထပ်ဆင့်မျိုးကွဲများ ကူးစက်ပျံ့နှံ့နေမှုက ဩစတြေးလျနိုင်ငံတဝန်း ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ဝန်ပိနေသည်ဟု ဆိုသည်။

ဩစတြေးလျတွင် ဇွန်လနှောင်းပိုင်းမှစပြီး ကူးစက်မှုအရေအတွက် တိုးလာခဲ့ပြီး BA.4 နှင့် BA.5 ထပ်ဆင့်မျိုးကွဲဗိုင်းရပ်စ် ကူးစက်မှုများ အများဆုံးဖြစ်လာသည်။ 

ထိုမျိုးကွဲ (၂) ခုက ကာကွယ်ဆေး သို့မဟုတ် ယခင်ကူးစက်ခံရမှုမှ ရရှိထားသော ပဋိပစ္စည်းများ၏ ခုခံအားစနစ်ကို ရှောင်နိုင်ရာ ကူးစက်ခံရသူ တိုးလာခဲ့သည်ဟု ဆိုသည်။လက်ရှိ ကူးစက်မှုလှိုင်းမှာ ဩဂုတ်လအတွင်း အထွတ်အထိပ် ဖြစ်လာနိုင်ကြောင်းနှင့် ကျန်းမာရေးတာဝန်ရှိသူများက BA.4 နှင့် BA.5 တို့၏ ကူးစက်မှုနှုန်းကို ဝက်သက်ရောဂါနှင့် ခိုင်းနှိုင်းထားကြောင်း ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနက်ဆီက ပြောသည်။ 

ဩစတြေးလျတွင် အိုမီခရွန်ကူးစက်မှု ပထမလှိုင်းအတွင်း ဇန်နဝါရီလက ဆေးရုံတက်ရသည့် လူနာအရေအတွက် ၅,၃၉၀ ဦးထက် ကျော်လွန်ခဲ့ခြင်းကြောင့် ဆေးရုံတက်ရသည့် လူနာအရေအတွက်မှာ ကိုရိုနာဗိုင်းရပ်စ် အရေးပေါ် အခြေအနေ နောက်ပိုင်း အမြင့်ဆုံးဖြစ်လာခဲ့ခြင်း ဖြစ်သည်။

COVID-19 ကြောင့် နေ့အလိုက် သေဆုံးမှုမှာလည်း မြင့်တက်လာပြီး ဇူလိုင်လ (၂၃) ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် သေဆုံးသူ (၁၀၀) အထိ ရှိခဲ့သည်။

သက်ကြီးရွယ်အိုများတွင် ပိုမိုကူးစက်ခံနေရသည်ဖြစ်ရာ ဩစတြေးလျရှိ ဘိုးဘွားရိပ်သာ ၁,၀၀၀ ကျော်တွင် ကူးစက်မှုများ ဖြစ်ပွားနေသည်။ 

လက်ရှိတွင် ဘိုးဘွားရိပ်သာများတွင် ဝန်ထမ်းအင်အား မလုံလောက်မှု ကြုံတွေ့နေပြီး ကာကွယ်ရေးဝန်ထမ်းများ ဘိုးဘွားရိပ်သားများတွင် ကူညီပေးနေမှုကို စက်တင်ဘာလကုန်အထိ တိုးချဲ့ဆောင်ရွက်သွားမည်ဟု ကာကွယ်ရေးဝန်ကြီး Richard Marles က ပြောသည်။

ဩစတြေးလျမှာ COVID-19 ကာကွယ်‌ဆေး အများဆုံးထိုးထားသည့် နိုင်ငံများတွင်ပါဝင်ပြီး ၎င်း၏ အသက် (၁၆) နှစ်အထက် လူဦးရေ (၉၅) ရာခိုင်နှုန်းက ကာကွယ်ဆေး (၂) ကြိမ်ထိုးပြီးဖြစ်ကြောင်းနှင့် (၇၁) ရာခိုင်နှုန်းက ထပ်ဆောင်းကာကွယ်ဆေးထိုးထားကြောင်း သိရသည်။ 

ဩစတြေးလျတွင် လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ (၉.၁၃) သန်းနှင့် သေဆုံးသူ ၁၁,၁၈၁ ဦးရှိခဲ့ပြီး ဖွံ့ဖြိုးပြီး နိုင်ငံအများအပြားထက် သေဆုံးမှုနည်းသည်။

Source: Reuters