ဆိုဗီယက်ပြည်ထောင်စု၏ နောက်ဆုံးခေါင်းဆောင် ဂေါ်ဗာချော့ဗ် ကွယ်လွန်

 ဆိုဗီယက်ခေါင်းဆောင်ဟောင်း  မီခေးလ်ဂေါ်ဗာချော့ဗ် [ Photo: . Wojtek Laski / Getty Images ]]
ဆိုဗီယက်ခေါင်းဆောင်ဟောင်း မီခေးလ်ဂေါ်ဗာချော့ဗ် [ Photo: . Wojtek Laski / Getty Images ]]
ဆိုဗီယက်ပြည်ထောင်စု၏ နောက်ဆုံးခေါင်းဆောင် ဂေါ်ဗာချော့ဗ် ကွယ်လွန်
သြဂုတ် 31, 2022 | နိုင်ငံတကာသတင်း
By Mr John

ဆိုဗီယက်ပြည်ထောင်စု၏ နောက်ဆုံးခေါင်းဆောင်လည်းဖြစ်သလို  စစ်အေးခေတ်ကို ငြိမ်းချမ်းသောအဆုံးသတ် ဖြစ်စေခဲ့ပြီး နိုဘယ်ဆုရှင်ဖြစ်ခဲ့သူ မီခေးလ်ဂေါ်ဗာချော့ဗ် ၂၀၂၂ခုနှစ် ဩဂုတ်လ (၃၀) ရက်နေ့တွင် ကွယ်လွန်သွားပြီဟု သိရသည်။ 

၁၉၈၅ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု၏ ခေါင်းဆောင်ဖြစ်လာခဲ့သူ ဂေါ်ဗာချော့ဗ်က ထိုစဥ်က ဆိုဗီယက်ပြည်ထောင်စုကို တံခါးဖွင့်မူဝါဒ ပြောင်းလဲကျင့်သုံးပြီး ပြည်တွင်း၌ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ခဲ့သည်။

သို့သော် ဆိုဗီယက်ပြည်ထောင်စု တဖြည်းဖြည်း ပြိုကွဲမှုကို မတားဆီးနိုင်ခဲ့ဘဲ ထိုမှတစ်ဆင့် ခေတ်သစ်ရုရှားနိုင်ငံ ပေါ်ထွက်လာခဲ့သည်။ 

ဆိုဗီယက်ခေါင်းဆောင်ဟောင်း ဂေါ်ဗာချော့ဗ်မှာ ကွယ်လွန်ချိန်တွင် အသက် (၉၁) နှစ်အရွယ်ရှိပြီ ဖြစ်သည်။ 

ဂေါ်ဗာချော့ဗ်မှာ နာတာရှည် ပြင်းထန်သည့် နာမကျန်းမှု ခံစားနေခဲ့ရကြောင်း ၎င်းကွယ်လွန်ခဲ့သည့် မော်စကိုမြို့ရှိ ဆေးရုံက ပြောသည်။

မကြာသေးမီ နှစ်များအတွင်း ဂေါ်ဗာချော့ဗ်၏ ကျန်းမာရေး ယိုယွင်းလာခဲ့ပြီး ဆေးရုံတက်လိုက်၊ ဆင်းလိုက် အခြေအနေဟု ဆိုသည်။ 

မည်သည့်ရောဂါဖြင့် ကွယ်လွန်သွားကြောင်း မထုတ်ပြန်သေးသော်လည်း နိုင်ငံတကာမီဒီယာများတွင် ဖော်ပြမှုအရ ဂေါ်ဗာချော့ဗ်မှာ ကျောက်ကပ်ရောဂါကြောင့် ဇွန်လအတွင်း ဆေးရုံတက်ခဲ့ရကြောင်း သိရသည်။

ဂေါ်ဗာချော့ဗ်က ၁၉၈၅ ခုနှစ်တွင် ဆိုဗီယက်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာခဲ့ပြီးနောက် ဆိုဗီယက်ပြည်ထောင်စု၏ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။ 

ထိုစဥ်က အသက် (၅၄) နှစ်အရွယ် ဂေါ်ဗာချော့ဗ်မှာ ပေါ်လစ်ဗျူရိုဟု သိထားကြသည့် အုပ်ချုပ်ရေးကောင်စီ၏ အသက်အငယ်ဆုံး အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။

ဂေါ်ဗာချော့ဗ်မတိုင်မီက ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဆိုဗီယက်ခေါင်းဆောင် Konstantin Chernenko မှာ အာဏာရပြီး‌နောက် တစ်နှစ်မျှအကြာ အသက် (၇၃) နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ 

ဂေါ်ဗာချော့ဗ်လက်ထက်တွင် ဆိုဗီယက်ပြည်ထောင်စုနှင့် အမေရိကန်၊ ဥရောပကဲ့သို့ ကမ္ဘာ့အင်အားကြီးတို့ကြား ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ခဲ့သည်။

ထိုအခြေအနေတွင် သဘောထားတင်းမာသည့် ကွန်မြူနစ်ခေါင်းဆောင်များနှင့် ဂေါ်ဗာချော့ဗ်တို့ကြား သဘောကွဲလွဲမှုများလည်း ရှိခဲ့သည်။ 

သဘောထားတင်းမားသည့် ကွန်မြူနစ်ခေါင်းဆောင်များ၏ မအောင်မြင်သော အာဏာသိမ်းမှုဖြစ်ခဲ့ပြီးနောက် ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုကို ဖျက်သိမ်းရန် ဂေါ်ဗာချော့ဗ်က သဘောတူခဲ့ပြီး ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ 

ဂေါ်ဗာချော့ဗ်ကို ၁၉၉၀ ပြည့်နှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခဲ့ကြောင်းလည်း သိရသည်။

 

Source: Reuters, BBC