ရိဒ်ခေါဒါရ်မြို့ကို သိမ်းပြီးနောက် အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွင်  ချင်းအမျိုးသားအလံ လွှင့်ထူ

ရိဒ်ခေါဒါရ်မြို့ကို သိမ်းပြီးနောက် အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွင်  ချင်းအမျိုးသားအလံ လွှင့်ထူ
နိုဝင်ဘာ 14, 2023 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်မြို့ကို သိမ်းပိုက်ပြီးနောက် နယ်စပ်ဂိတ်တွင် ချင်းအမျိုးသားအလံကို လွှင့်ထူလိုက်ပြီဖြစ်ကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာလ (၁၃)ရက်နေ့ ရိဒ်ခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်း(၂)ခုကို ချင်းအမျိုးသားတော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ ယနေ့နိုဝင်ဘာလ (၁၄)ရက်နေ့တွင် အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ထို့နောက် အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်တွင် စစ်ကောင်စီအလံကို ဖြုတ်ချပြီး ချင်းအမျိုးသားအလံကို လွှင့်ထူလိုက်ကာ တိုက်ပွဲအတွင်း တပ်ရင်းမှုးအဆင့် ဗိုလ်မှုးတစ်ဦးနှင့် ဗိုလ်ကြီး အပါအ၀င် (၇)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စခန်းအတွင်းမှ သေဆုံးနေသည့် စစ်ကောင်စီတပ်သား(၄)လောင်း တွေ့ရှိပြီး တပ်သား(၃၀)ဦးဝန်းကျင်မှာ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးသဖြင့် အိန္ဒိယ နိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ် တစ်စီး၊  ရဟတ်ယာဉ်(၂)စီးတို့ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟုလည်း ချင်းအမျိုး သားတော်လှန်ရေး ရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။

 

တိုက်ပွဲကြောင့် ရိခေါ်ဒါရ်မြို့ပေါ်ရှိ ဒေသခံများ  အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ်ဘက်သို့ တိမ်းရှောင်ခဲ့ရပြီး မိဇိုရမ်ပြည်နယ်ဘက်ကို လက် နက်ကြီးကျည်တချို့ ကျရောက်ကာ စစ်ရှောင်‌နေသူတချို့ ထိမှန်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင် ရိခေါ်ဒါရ်မြို့ အမှတ်(၁)၊ (၂)နှင့် ဆက်သွယ်ထားသည့် လမ်းကြောင်းအားလုံး အချိန်အတိုင်းအတာတစ်ခုအထိ ဖြတ်သန်းသွားလာခွင့် ပိတ်ထားမည်ဖြစ်ပြီး အခြေအနေတည်ငြိမ်မှ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များက ယနေ့ နိုဝင်ဘာလ(၁၄)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

#TachileikNewsAgency