အင်းတော်မြို့နယ်အတွင်း ကျွန်းတောရွာကို စစ်ကောင်စီတပ်က  ဗုံးကြဲတိုက်ခိုက်၍  နေအိမ်အများအပြား ပျက်စီးပြီး ဒေသခံများ ထွက်ပြေးနေရ 

အင်းတော်မြို့နယ်အတွင်း ကျွန်းတောရွာကို စစ်ကောင်စီတပ်က  ဗုံးကြဲတိုက်ခိုက်၍  နေအိမ်အများအပြား ပျက်စီးပြီး ဒေသခံများ ထွက်ပြေးနေရ 

 စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်တိတ်ဒေသရှိ ကျွန်းတောရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၃ခုနှစ်၊ မေလ(၂၅)ရက်‌ နေ့တွင် ( ၂ )ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အများအပြား ပျက်စီးခဲ့ရပြီး အနီးရှိကျေးရွာ ( ၈ )ရွာကျော်မှ ဒေသခံများထွက် ပြေးတိမ်း‌ရှောင်နေရကြောင်း သိရသည်။

မော်တိတ်‌ဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ ယနေ့ နံနက်( ၇ )နာရီကစတင် တိုက်ပွဲဖြစ်ပွားပြီးနောက် အထိနာသည့် စစ်ကောင်စီတပ်သည် နံနက်( ၁၀ ) နာရီခွဲဝန်းကျင်တွင် ( ၁ )ကြိမ်၊ ညနေ ( ၃ )နာရီခွဲဝန်းကျင်တွင် ( ၁ ) ကြိမ် ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

"ဒေသခံတွေတော့ အထိအခိုက် မရှိပါဘူး။ အင်းတော်မြို့နဲ့ ( ၁၂ ) မိုင်အကွာ မော်တိတ်ဒေသ ကျွန်းတောရွာကို ဗုံးကြဲသွားပါတယ်။ ကျေးရွာနေအိမ်တွေတော့ ပျက်စီးမှုတွေရှိပါတယ်။ အခုတိုက်ပွဲက ငြိမ်သွားပြီ။"ဟု Indaw Revolution-IR မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို မေလ( ၂၅ )ရက်နေ့ ညပိုင်းတွင် ဖြေကြားသည်။

စစ်ကောင်စီတပ်၏ ထိုးစစ်နှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်းတော၊ ရွာသာယာ၊ အောင်ကုန်း၊ နံ့သာ၊ အင်ပင်၊ တုံ့တော်၊ တုံစည် နှင့် အနီးအနားရှိ ဆက်စပ်ရွာများမှ ဒေသခံများ ထွက်ပြေးတိမ်း ရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအခြေအနေကိုမူ Tachileik News Agency အနေ ဖြင့် ထပ်မံစုံစမ်းလျှက်ရှိသည်။

မေလ( ၂၃ )ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် တိုက်လေယာဉ်( ၂ )စီးအပြင် လက်နက်ကြီးဖြင့်ပါ အင်းတော်မြို့နယ်၊ ရွာသာယာကို ပစ်ခတ်ခဲ့သဖြင့် ရွာသာယာ ဘုန်းကြီးကျောင်း ပျက်စီးခဲ့ရကြောင်း သိရသည်။