မြန်မာဘီယာစက်ရုံ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်ခံရ

မြန်မာဘီယာစက်ရုံ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်ခံရ
အောက်တိုဘာ 12, 2023 | 2021 Military Coup| အခြားဒေသများ

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ်ပိုင် မြန်မာဘီယာ‌စက်ရုံကို ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့ ညပိုင်းတွင် Urban Special Operation (U.S.O)က (၁၀၇)မမ ရှော့တိုက်ဒုံး (၂)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရှော့တိုက်ဒုံး(၂)လုံးစလုံး မြန်မာဘီယာစက်ရုံဝင်းအတွင်းသို့ ကျရောက်ခဲ့ပြီး အထိအခိုက်အကျအဆုံးရှိနိုင်ကာ လူနာတင်ယာဉ်(၂)စီး အဆိုပါစက်ရုံအတွင်းသို့ ဝင်သွားသည်ဟု သိရသည်။ 

ယင်းသို့တိုက်ခိုက်ရခြင်းမှာ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင် တစ်ခုဖြစ်ပြီး ပြည်သူများအား မတရားခြိမ်း‌ခြောက် ရောင်းချခိုင်းခြင်းကြောင့် တပ်တွင်းသတင်းပေး၏ အကူအညီဖြင့် တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်ခံရမှုကြောင့် ဒုံးတစ်လုံးမှာ စက်ရုံဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုရှိကြောင်း စစ်ကောင်စီလော်ဘီ တယ်လီဂရမ် ချန်နယ်များက ဖော်ပြထားသည်။

နောက်နောင်တွင်လည်း ပြည်သူများအား မတရားမှုများပြုလုပ်ရန် ကြံဆောင်နေသော စစ်ကောင်စီ၏ စီးပွားပိုင်ဆိုင်မှုများအပြင် ပတ်သက်ဆက်နွယ်သူများကို စစ်ရေးပစ်မှတ်အဖြစ် စစ်ဆင်ရေးများ ဆက်လက်ဖော်ဆောင်သွားမည်ဟု Urban Special Operation(U.S.O)က သတင်းထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် စစ်အုပ်ပိုင် မြန်မာဘီယာကို ဝယ်ယူ၊ သောက်သုံးခြင်းမပြုလုပ်ကြရန်လည်း တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

#TachileikNewsAgency