ဇရပ်ကြီးမြို့ တိုက်ပွဲအတွင်း အရပ်သား (၈)ဦးသေဆုံးသည့်အပြင် တိုက်ပွဲအတွင်း ဒေသခံများစွာ ပိတ်မိနေကာ အဆက်အသွယ် ပြတ်တောက်နေ

ဇရပ်ကြီးမြို့ တိုက်ပွဲအတွင်း အရပ်သား (၈)ဦးသေဆုံးသည့်အပြင် တိုက်ပွဲအတွင်း ဒေသခံများစွာ ပိတ်မိနေကာ အဆက်အသွယ် ပြတ်တောက်နေ
ဖေဖော်ဝါရီ 8, 2024 | 2021 Military Coup| အခြားဒေသများ

 ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ဒေသခံများ ထောင်ချီထွက်ပြေးရပြီး ပိတ်မိနေကာ အဆက်အသွယ် ပြတ်တောက်နေသည့် ဒေသခံများစွာလည်း ရှိနေကြောင်း   သိရသည်။

 ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နံနက်ပိုင်းက စတင်ကာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားနေရာ စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် နေအိမ်နှင့် ဘုန်းကြီးကျောင်းများ ပျက်စီးပြီး မြို့အတွင်း ပိတ်မိနေသည့် အရပ်သားကလေးများ အပါအဝင် (၈)ဦးသေဆုံးခဲ့ကြောင်း ကူညီကယ်ဆယ်ပေးနေသူများနှင့် ဒေသခံများထံမှ သိရသည်။ 

“အိမ်မှာ အမေနဲ့ အဖွားပိတ်မိနေတယ်။ အဆက်အသွယ် မရတော့ဘူး။ ပိတ်မိနေတယ်။ အရမ်းစိတ်ပူနေလို့၊ လူ လည်းရူးမတတ်ဘဲ။ ကူညီပေးဖို့ပြောတဲ့သူတွေကလည်း အကြောင်း မပြန်ကြသေးဘူး။ ဇရပ်ကြီးမြို့ ကြို့ပင်သာရပ်ကွက်သစ် ဦးစိုင်းဆီဆိုင်ရှေ့နေအိမ်ပါ။”ဟု ပိတ်မိနေသူ၏ မိသားစုဝင်တစ်ဦးက Tachileik News Agency ကို ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် ပြောသည်။

လက်ရှိ၌ မြေပြင်တွင် ပစ်ခတ်မှု အနည်းငယ်သာရှိနေပြီး လေကြောင်းမှ လာရောက်ပစ်ခတ်သဖြင့် အရပ်သား သေဆုံးမှုနှင့် နေအိမ်ပျက်စီးမှုများရှိနေကြောင်း ကူညီပေးနေသူများထံမှ သိရသည်။

“လေကြောင်းကနေ ဗုံးကြဲနေတာ။ ပိတ်မိနေသူတွေရှိလို့ ကယ်ထုတ်နေတာ၊ သေဆုံးသူတွေလည်း ရှိတယ်။ တော် တော်များများ ပိတ်မိနေတာ။ အခြေအနေက ဆိုးတယ်။”ဟု ကယ်ဆယ်ပေးနေသူတစ်ဦးက Tachileik News Agency ကို ပြောသည်။



 စစ်ကောင်စီတပ်၏ အဓိက‌ ထောက်ပို့လမ်းကြောင်းဖြစ်သည့် မြို့စိုးတံတားကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းခွဲဖျက်ဆီးထားပြီး အဆိုပါ တံတားသည် တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်၊ ကျွဲပွဲ၊ မြို့ စိုးနှင့် ဇရပ်ကြီးမြို့ တို့ကို သွားလာနိုင်သည်ဟု ဆိုသည်။ 

“အခု နှောင်ကုရွာသူ၊ ရွာသားတွေ ကျန်သေးတယ်ဗျာ။ အခြေနေက အဆိုးဘက်တွေပဲများတယ်။ လေယာဉ်တွေက လာနေတုန်းပဲ။ ဇရပ်ကြီးကားလမ်းက လူနေအိမ်တွေ ဆိုင်တွေ အတော်ပျက်စီးတာတွေ့ရတယ်။ အမြန်ထွက်ကြပါ။ အခြေအနေက ပိုဆိုးဖို့ပဲရှိပါတယ်။”ဟု ဇရပ်ကြီးမြို့ နှောင်ကုရွာဒေသခံတစ်ဦးက ပြောသည်။

ဇရပ်ကြီးမြို့တွင် စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်း၊ တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်သည်။