ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ် ဘုန်းကြီးကျောင်းနှင့် စေတီပျက်စီး

ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ် ဘုန်းကြီးကျောင်းနှင့် စေတီပျက်စီး
ဇန်နဝါရီ 17, 2024 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၅)ရက်နေ့ ညပိုင်းက လက်နက်ကြီးနှင့် ပစ်ခတ်ရာ ဘုန်းကြီးကျောင်းနှင့် စေတီတော် လက်နက်ကြီးစ ထိမှန်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ယနေ့ ဇန်နဝါရီလ (၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးသည် ဝင်းတာပန်ရွာအနီးရှိ သာလည်ထ(ဒေသအခေါ်အဝေါ်)နေရာတွင် ကျရောက်ပေါက်ကွဲပြီး သာလည်ထဘုန်းကြီးကျောင်းနှင့် စေတီတော်တို့အား လက်နက်ကြီးကျည်စ ထိမှန်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် Mi-35P Attack Helicopter ရဟတ်ယာဥ်မှ ဝင်းတာပန်စခန်းအနီးတဝိုက်ကို (၁)နာရီခန့်ကြာ ပစ်ခတ်ခဲ့ရာ ဝင်းတာပန်ရွာနေ ယားမယပြား၊ တီးမောင်ဒုန်း၊ တီးအေးသူ၊ တီးကျော်ဝါးခု၊ တီးညအု၊ တီးဖိုးအောင်တို့၏ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒီဇင်ဘာလ (၂၆)ရက်နေ့တွင်လည်း ဝင်းတာပန်တပ်စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးတစ်လုံး ရွာအတွင်းကျကာ ဖူးဖားဒေး၏ နေအိမ်မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့တွင် စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့် ဝင်းတာပန်စခန်းအတွက် ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် ဆေးဝါးအထုပ် (၁၂)ထုပ် ပစ်ချပေးခဲ့ရာ KNLA၊ KNDOနှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များက (၅)ထုပ်ရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: Karen National Union