ဇရပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ဖျက်ဆီးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ဟု အမှတ် ၂ စစ်ဒေသထုတ်ပြန်

ဇရပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ဖျက်ဆီးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ဟု အမှတ် ၂ စစ်ဒေသထုတ်ပြန်
ဖေဖော်ဝါရီ 11, 2024 | 2021 Military Coup| အခြားဒေသများ

 ပဲခူးတိုင်း ဇရပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်ရင်း၊ ရဲစခန်းများကို တော်လှန်ရေးတပ်များက ဝင်‌ရောက်တိုက်ခိုက်၍ ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် (၂) စစ်ဒေသခွဲထံမှ သိရသည်။

တော်လှန်ရေးတပ်များသည် ‌၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်နေ့ကစတင်ကာ ဖားစည်ဟိန်းသံနှင့် ဆယ်လမွန်ပူးပေါင်းစစ်ဆင်ရေးအဖြစ် စစ်ကောင်စီ၏ အဓိကထောက်ပို့လမ်းကြောင်းပေါ်ရှိ မြို့စိုးတံတား စစ်‌ကောင်စီဂိတ်စခန်းအား ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပြီး တံတားကို ဖောက်ခွဲဖြတ်တောက်နိုင်ခဲ့သည်ဟု ဆိုသည်။

ဇရပ်ကြီးမြို့အခြေစိုက် ခလရ (၇၃)တပ်ရင်းအား ဝင်ရောက်တိုက်ခိုက်ပြီး တပ်ရင်းအတွင်းရှိ စစ်ရေးအခြေခံ အဆောက်အဦးများ၊ အရေးကြီးစာရွက်၊ စာတမ်းများနှင့် ခဲယမ်းများကို သိမ်းဆည်းကာ ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားအား အင်အားချိနဲ့စေရန် ဇရပ်ကြီးမြို့ရဲစခန်းနှင့် လုံခြုံရေးတပ်ဖွဲ့များအား ဝင်ရောက်တိုက်ခိုက်ပြီး ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီ၏ အဓိကထောက်ပို့လမ်းကြောင်းပေါ်ရှိ နှစ်တန့်ကူးတံတားနှင့် ရေကြည်ချောင်းတံတားရှိ ဂိတ်စခန်းတို့အား ဝင်ရောက်တိုက်ခိုက်ပြီးနောက် နှစ်တန့်ကူးတံတားအား ဖောက်ခွဲဖြတ်တောက်နိုင်ခဲ့သည်ဟု ဆိုသည်။

 

စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားနေအိမ်များအပါအဝင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၈၀)ကျော်ရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုများအတွင်း စစ်ဆင်ရေးရည်မှန်းချက်အားလုံးကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် တော်လှန်ရေးအဖွဲ့များ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်သား (၇၀)ဝန်းကျင် သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးတပ်များဘက်ကလည်း ကျဆုံးထိခိုက်ဒဏ်ရာရရှိမှုအချို့ ရှိခဲ့သည်ဟု ဆိုသည်။

#TachileikNewsAgency

Photo: တိုင်းစစ်ဌာန (ပဲခူးတိုင်း)