ထိုင်းအစိုးရက ဘန်ကောက်နှင့် ပတ္တရားတွင် ချမ်းသာကြွယ်ဝသည့် နိုင်ငံခြားသားများကို မြေဝယ်ခွင့်ပြုရန် စီစဥ်နေ

ထိုင်းအစိုးရက ဘန်ကောက်နှင့် ပတ္တရားတွင် ချမ်းသာကြွယ်ဝသည့် နိုင်ငံခြားသားများကို မြေဝယ်ခွင့်ပြုရန် စီစဥ်နေ
အောက်တိုဘာ 26, 2022 | နိုင်ငံတကာသတင်း
By Mr John

ချမ်းသာကြွယ်ဝသည့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ခြင်းဖြင့် စီးပွားရေးမြှင့်တင်ရန် ကြိးပမ်းနေသည့် ထိုင်းနိုင်ငံ အစိုးရက ယခုအခါ နိုင်ငံခြားသားများကို နေအိမ်ဆောက်လုပ်ရေးအတွက် မြေဝယ်ခွင့်ပြုသွားရန် စီစဥ်နေသည်ဟု ဆိုသည်။ 

လက်ရှိတွင် ထိုင်းနိုင်ငံ၌ နိုင်ငံခြားသားများ အိမ်ခြံမြေပိုင်ဆိုင်မှုကို အဓိကအားဖြင့် ကွန်ဒိုတိုက်ခန်းများကိုသာ ဝယ်ယူခွင့်ပြုထားခြင်း သို့မဟုတ် ရှုပ်ထွေးသည့် နှစ်ရှည်အငှားစာချုပ်များမှတစ်ဆင့် ကန့်သတ်ထားသည်။

အောက်တိုဘာလ (၂၅) ရက်နေ့တွင် ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် အဆိုပြုခဲ့သည့် အစီအစဥ်သစ်အရ သတ်မှတ်ချက်ကိုက်ညီသော နိုင်ငံခြားသားများကို နေထိုင်ရန်အတွက် ရည်ရွယ်ချက်ဖြင့် အများဆုံး မြေဧက (၀.၄) ကို ဝယ်ယူခွင့်ပြုသွားမည်ဟု အစိုးရပြောခွင့်ရပုဂ္ဂိုလ် Anucha Burapachaisri က ပြောသည်။ 

ထိုအစီအစဥ်က အိမ်ရာဆောက်လုပ်ရန် မြေနေရာများ ပိုင်ဆိုင်ရန် သတ်မှတ်ချက်ကိုက်ညီသော ထိပ်တန်းပရော်ဖက်ရှင်နယ်များ၊ အသားတင်ချမ်းသာကြွယ်မှု မြင့်မားသူများနှင့် အငြိမ်းစားများကို ပစ်မှတ်ထားသည်ဟု ဆိုသည်။

သို့သော် နိုင်ငံခြားသားများကို ဝယ်ယူခွင့်ပြုသွားမည့် မြေများမှာ ဘန်ကောက်နှင့် ပတ္တရားတွင်သာဖြစ်ကြောင်း သိရသည်။ 

ထိုင်းနိုင်ငံက ချမ်းသာကြွယ်ဝသူများကို ဆွဲဆောင်ရန် အခြားနိုင်ငံများနှင့် ယှဥ်ပြိုင်နေသည်။ 

ထိုင်းအစိုးရ၏ အစီအစဥ်သစ်အရ လူနေထိုင်ရန် မြေပိုင်ဆိုင်ခွင့်ပြုသွားမည့်သူများမှာ မြေတန်ဖိုးအပါအဝင် ထိုင်းနိုင်ငံတွင် အနည်းဆုံး ဘတ် သန်း (၄၀) ကို အနည်းဆုံး (၃) နှစ်ကြာ ရင်းနှီးမြှုပ်နှံရမည်ဟု အစိုးရပြောခွင့်ရပုဂ္ဂိုလ် Anucha က ပြောသည်။



နောက်ထပ် ရင်းနှီးမြှုပ်နှံရန် ရွေးချယ်မှုများတွင် အစိုးရ၊ Bank of Thailand နှင့် အစိုးရပိုင်လုပ်ငန်းများ၏ ငွေတိုက်စာချုပ်များ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ထောက်ခံထားသည့် မူဝါဒနှင့် အတိုးနှုန်းအတိုင်း ဆောင်ရွက်သည့် ပုံသေဝင်ငွေ အာမခံများ ပါဝင်သည်။ 

ယခုအစီအစဥ်သစ် အဆိုပြုမှုကို နောက်ဆုံးအတည်မပြုမီ နောက်ထပ် လေ့လာဆန်းစစ်မှုလုပ်ရန် နိုင်ငံတော်ကောင်စီရုံးနှင့် သက်ဆိုင်ရာ အစိုးရဌာနများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာကြွယ်ဝသူများကို ဆွဲဆောင်နေသည့် ထိုင်းအစိုးရက စက်တင်ဘာလတွင်လည်း သတ်မှတ်ချက်ကိုက်ညီသည့် နိုင်ငံခြားသားများ ထိုင်းနိုင်ငံတွင် (၁၀) နှစ်ကြာအထိ နေထိုင်နိုင်သော ဗီဇာအစီအစဥ်သစ်အတွက် လျှောက်ထားမှုများကို စတင်လက်ခံခဲ့သည်။

Source: Bangkok Post