အမေရိကန်က ယူကရိန်းကို F-16 အပါအဝင် ခေတ်မီ စစ်လေယာဥ်များ ပေးပို့ကူညီသွားမည့်အပြင် သင်တန်းပါ ပို့ချပေးဦးမည်

Photo: Manjunath KIRAN / AFP & REUTERS
Photo: Manjunath KIRAN / AFP & REUTERS
အမေရိကန်က ယူကရိန်းကို F-16 အပါအဝင် ခေတ်မီ စစ်လေယာဥ်များ ပေးပို့ကူညီသွားမည့်အပြင် သင်တန်းပါ ပို့ချပေးဦးမည်
By Mr John

အမေရိကန်က ယူကရိန်းကို F-16 အပါအဝင် ခေတ်မီ စစ်လေယာဥ်များ ပေးပို့ကူညီသွားမည်

အမေရိကန်က ယူကရိန်းကို F-16 တိုက်လေယာဥ်များ အပါအဝင် ခေတ်မီ စစ်လေယာဥ်များ ထောက်ပံ့ကူညီသွားမည့်အပြင် ယူကရိန်းလေယာဥ်မှူးများကို လေ့ကျင့်သင်ကြားပေးသွားမည်ဟု သမ္မတဂျိုးဘိုင်ဒန်က G7 ထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များကို ပြောကြားခဲ့ကြောင်း အိမ်ဖြူတော် အကြီးတန်းအရာရှိတစ်ဦးက မေလ (၁၉) ရက်နေ့တွင် ပြောသည်။

ဂျပန်နိုင်ငံတွင် ကျင်းပသည့် G7 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ခရီးစဥ်ထွက်ခွာလာသည့် ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက အမေရိကန်သမ္မတ၏ ပြောကြားမှုကို သမိုင်းဝင်ဆုံးဖြတ်ချက်အဖြစ် ကြိုဆိုလိုက်သည်။ 

ဇီလန်းစကီးက G7 ထိပ်သီးအစည်းအဝေး၏ တတိယနှင့် နောက်ဆုံးနေ့ဖြစ်သည့် ယနေ့ မေလ (၂၁) ရက်နေ့တွင် ပါဝင်တက်ရောက်မည်ဖြစ်သည်။

အမေရိကန်က F-16 တိုက်လေယာဥ်များ ပေးပို့ကူညီမည်ဟု ပြောကြားလိုက်ခြင်းမှာ စစ်ရေးအကူအညီ တိုးမြှင့်ရရှိရန် ကြိုးပမ်းအားထုတ်ရာတွင် ယူကရိန်းအတွက် အဓိက အောင်မြင်မှုတစ်ရပ်လည်း ဖြစ်လာသည်။

အမေရိကန်က မဟာမိတ်များ၊ မိတ်ဖက်များနှင့် ပူးပေါင်း၍ ယူကရိန်းလေယာဥ်မှူးများကို F-16 အပါအဝင် စတုတ္တမျိုးဆက် တိုက်လေယာဥ်များ မောင်းနှင်အသုံးပြုမှုကို လေ့ကျင့်သင်တန်းပေးသွားမည်ဖြစ်ပြီး ယူကရိန်းလေတပ်၏ လုပ်ဆောင်နိုင်စွမ်းကို ပိုမို အားကောင်းစေရန်နှင့် တိုးတက်စေရန်ဖြစ်ကြောင်း ဘိုင်ဒန်က ပြောခဲ့သည်။

G7 ခေါင်းဆောင်များက ထိပ်သီးအစည်းအဝေးက ရုရှားအ‌ပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များနှင့် တရုတ်ကို တန်ပြန်ရာတွင် ပိုမိုနီးကပ်သည့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ကြေညာသွားမည်ဟု ခန့်မှန်းရသည်။ 

(၄၉) ကြိမ်မြောက် G7 ထိပ်သီးအစည်းအဝေးကို ဂျပန်နိုင်ငံ ဟီရိုးရှီးမားမြို့တွင် မေလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပပြုလုပ်နေခြင်း ဖြစ်သည်။

Source: AFP