ရုရှားက နျူကလီးယားစက်ရုံကို တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်းတွင် နျူကလီးယားဘေးအန္တရာယ်ရှိနေ

Photo: ANDREY BORODULIN/AFP
Photo: ANDREY BORODULIN/AFP
ရုရှားက နျူကလီးယားစက်ရုံကို တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်းတွင် နျူကလီးယားဘေးအန္တရာယ်ရှိနေ
By Mr John

 ယူကရိန်းနိုင်ငံရှိ ဥရောပ၏ အကြီးဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံကို ရုရှားတပ်ဖွဲ့များက တိုက်ခိုက်မှုအတွင်း စက်ရုံဝန်ထမ်းတစ်ဦ ဒဏ်ရာရခဲ့ပြီး ရေဒီယိုသတ္တိကြွမှု စောင့်ကြည့်အာရုံခံကိရိယာများ ပျက်စီးသွားခဲ့ကြောင်း ယူကရိန်းအစိုးရပိုင် စွမ်းအင်ကုမ္ပဏီ Energoatom က ဩဂုတ်လ (၇) ရက်နေ့တွင် ပြောသည်။

Zaporizhzhia နျူကလီးယားဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရပြီးနောက် နျူကလီးယားဘေးအန္တရာယ် အလွန်များကြောင်း ကုလသမဂ္ဂ၏ နျူကလီးယားစောင့်ကြည့်အဖွဲ့ International Atomic Energy Agency (IAEA) က ဩဂုတ်လ (၆) ရက်နေ့တွင် သတိပေးထားပြီး ထိုစက်ရုံအနီး စစ်ရေးလှုပ်ရှားမှုမှန်သမျှ ချက်ချင်း ရပ်တန့်ကြရန် တိုက်တွန်းထားကြောင်းလည်း သိရသည်။

ရုရှားတပ်ဖွဲ့များက Zaporizhzhia နျူကလီးယားဓာတ်အားပေးစက်ရုံကို ဩဂုတ်လ (၅) ရက်နှင့် ဩဂုတ်လ (၆) ရက် ညပိုင်းတွင် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကြီးမားသည့် အပျက်အစီးများ ဖြစ်ပေါ်ခဲ့ကြောင်းနှင့် အသုံးပြုပြီး နျူကလီးယားလောင်စာဆီများကို သိမ်းဆည်းထားသည့် ကွန်တိန်နာ (၁၇၄) လုံးထားရှိသော နေရာကိုလည်း ထိမှန်သွားခဲ့ကြောင်း Energoatom စွမ်းအင်ကုမ္ပဏီက Telegram တွင် ပြောထားသည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက နျူကလီးယားစက်ရုံကို ရုရှားတိုက်ခိုက်မှုအား အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုရှုတ်ချခဲ့ပြီး နိုင်ငံတကာအနေဖြင့် ပိုမိုပြင်းထန်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။ 

ယူကရိန်းတောင်ပိုင်းတွင် တည်ရှိသည့် Zaporizhzhia နျူကလီးယားဓာတ်အားပေးစက်ရုံ (Zaporizhzhia Nuclear Power Plant) ၏ အစိတ်အပိုင်းများမှာ ရုရှား၏ တိုက်ခိုက်မှုကြောင့် ဆိုးရွားစွာ ပျက်စီးခဲ့ပြီး ဓာတ်အားပေးစက်ရုံကို ပိတ်ပစ်ခဲ့ရသည်။

"စက်ရုံပတ်လည်မှာရှိတဲ့ ရေဒီယိုသတ္တိကြွမှု စောင့်ကြည့်အာရုံခံကိရိယာ (၃) ခု ပျက်စီးသွားခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ရေဒီယိုသတ္တိကြွမှု အခြေအနေ သို့မဟုတ် အသုံးပြုပြီး နျူကလီးယားလောင်စာဆီ ကွန်တိန်နာတွေကနေ ရေဒီယိုသတိကြွမှု ယိုစိမ့်မှုရှိ မရှိကို စောင့်ကြည့်ထောက်လှမ်းပြီး တုံ့ပြန်ဆောင်ရွက်မှုတွေ မလုပ်နိုင်သေးပါဘူး" ဟု Energoatom က ပြောသည်။ 

ရုရှား၏တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲသည့် စက်ရုံဝန်ထမ်တစ်ဦးကို ဆေးရုံပို့ခဲ့ရကြောင်းလည်း ကုမ္ပဏီက ဖြည့်စွက်ပြောခဲ့သည်။

Source: Reuters, BBC, AFP