မက္ကစီကိုနိုင်ငံ အကျဥ်းထောင် တိုက်ခိုက်ခံရမှုအတွင်း အနည်းဆုံး လူ (၁၄) ဦး သေဆုံး

မက္ကစီကိုနိုင်ငံ အကျဥ်းထောင် တိုက်ခိုက်ခံရမှုအတွင်း အနည်းဆုံး လူ (၁၄) ဦး သေဆုံး
By Tachileik News Agency

မက္ကစီကိုနိုင်ငံ Juarez မြို့ရှိ အကျဥ်းထောင်တစ်ခုကို လက်နက်ကိုင်တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ (၁၄) ဦး သေဆုံးပြီး အကျဥ်းသားများလည်း လွတ်မြောက်သွားကြောင်း သိရသည်။ 

ဇန်နဝါရီလ (၁) ရက်နေ့က ဖြစ်ပွားခဲ့သည့် tqdkyg တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများအနက် လုံခြုံရေးအရာရှိ (၁၀) ဦးနှင့် အကျဥ်းသား (၄) ဦး ပါဝင်ကြောင်း Chihuahua ပြည်နယ် အစိုးရရှေ့နေရုံးက ထုတ်ပြန်ချက်တွင် ပြောထားသည်။

အကျဥ်းထောင် တိုက်ခိုက်ခံရမှုအတွင်း အခြား လူ (၁၃) ဦး ဒဏ်ရာရခဲ့ပြီး အကျဥ်းသား (၂၄) ဦးထက်မနည်း လွတ်မြောက်သွားခဲ့သည်။ ထိုတိုက်ခိုက်မှုကို မည်သူတို့က လုပ်ဆောင်ခဲ့ကြောင်း အတိအကျ မသိရသေးဟု ဆိုသည်။ 

တိုက်ခိုက်သူများက ဇန်နဝါရီလ (၁) ရက် ဒေသစံတော်ချိန် နံနက် (၇) နာရီဝန်းကျင်တွင် အကျဥ်းထောင်ကို သံချပ်ကာယာဥ်များဖြင့် ရောက်ရှိလာခဲ့ပြီးနောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကနဦး စုံစမ်းစစ်ဆေးမှုများအရ တွေ့ရှိရသည်ဟု အစိုးရရှေ့နေရုံးက ပြောသည်။

ထို့နောက် မိနစ်ပိုင်းအကြာတွင် အကျဥ်းထောင် အနီးအနားရှိ ရဲစခန်းတစ်ခုကိုလည်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

တိုက်ခိုက်သူများနောက်ကို လိုက်လံဖမ်းဆီးခဲ့ရာ အမျိုးသား (၄) ဦးကို ဖမ်းဆီးမိခဲ့ပြီး ထရပ်ကားတစ်စီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

Juarez မြို့၏ အခြားနေရာတစ်ခုတွင်လည်း ဇန်နဝါရီလ (၁) ရက် နှောင်းပိုင်းက လက်နက်ကိုင် တိုက်ခိုက်မှုတစ်ခုကြောင့် နောက်ထပ် ယာဥ်မောင်းသူ (၂) ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။

တစ်ရက်တည်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှု (၃) ခုမှာ ဆက်စပ်နေခြင်းရှိ မရှိ ပြည်နယ်အစိုးရရှေ့နေရုံးက ပြောကြားခဲ့ခြင်း မရှိပေ။ 

ယခုအခါ Juarez မြို့တွင် စစ်တပ်က လုံခြုံရေးယူထားကြောင်း သိရသည်။

 ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းကလည်း Juarez မြို့ရှိ အကျဥ်းထောင်တစ်ခုတွင် ပြိုင်ဘက်လူဆိုးဂိုဏ်း (၂) ခု၏ ဂိုဏ်းဝင်များကြား ထိပ်တိုက်တွေ့ခဲ့ကြရာမှ အကျဥ်းထောင် ဆူပူအုံကြွမှုနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ လူ (၁၁) ဦး သေဆုံးခဲ့ပြီးနောက် စစ်တပ်စေလွှတ်ခဲ့ရသည်။

Source: Reuters