ဘာပြစ်မှုမှ မကျူးလွန်ဘဲ ထောင်ထဲသွားနေချင် နေသည့် အထီးကျန် စပိန်အမျိုးသား ထောင်ရှေ့မှာ နေ့စဉ် ဆန္ဒပြ

ဘာပြစ်မှုမှ မကျူးလွန်ဘဲ ထောင်ထဲသွားနေချင် နေသည့် အထီးကျန် စပိန်အမျိုးသား ထောင်ရှေ့မှာ နေ့စဉ် ဆန္ဒပြ
စက်တင်ဘာ 9, 2023 | နိုင်ငံတကာသတင်း
By Mr John

 တစ်ကိုယ်တည်း အထီးကျန်ဆန်စွာ နေထိုင်ရပြီး ပြင်းထန်သည့် ကျန်းမာရေးပြဿနာများရှိနေသူ အသက် (၆၀) နှစ်အရွယ် စပိန်အမျိုးသားတစ်ဦးက အကျဥ်းထောင်အတွင်း ဝင်ရောက်နေထိုင်ရန် ကြိုးပမ်းခဲ့သည်။ 

စပိန်နိုင်ငံ ဂရန်နာဒါမြို့မှ ဂျက်စတိုမားကွက်ဇ် ဆိုသူ အသက် (၆၀) နှစ်အရွယ် အမျိုးသားက မာလာဂါမြို့ရှိ Alhaurín de la Torre အကျဥ်းထောင် အပြင်ဘက်တွင် ထောင်အတွင်းသို့ ဝင်ခွင့်ရရန် မျှော်လင့်ပြီး ရက်နှင့်ချီကြာ မတ်တပ်ရပ်နေခဲ့ကြောင်း စပိန် အွန်လိုင်းသတင်းစာ El Español ၏ စက်တင်ဘာလ (၅) ရက်နေ့ သတင်းက ဖော်ပြသည်။

မားကွက်ဇ်က "ကျွန်တော် ထောင်ထဲဝင်ချင်ပါတယ်" ဟု ရေးသားထားသော ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားသည်ကို ဓာတ်ပုံတွင် တွေ့ရသည်။ 

အကျဥ်းထောင်မှူးနှင့် တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်းနှင့် ၎င်းကို ထောင်ထဲဝင်ခွင့် မပေးခဲ့ကြောင်း မားကွက်ဇ်က သတင်းထောက်များကို ပြောသည်။

 မားကွက်ဇ်မှာ ကင်ဆာရောဂါ၊ စိတ်ကျရောဂါ၊ စိတ်ပူပန်မှုနှင့် နှလုံးရောဂါ ပြဿနာများကို ခံစားနေခဲ့ရပြီး တစ်နေ့လျှင် (၂၄) နာရီပတ်လုံး အထီးကျန်စွာ ဖြတ်သန်းနေရသည့်အဖြစ်ကနေ လွတ်မြောက်လိုရာ အကျဥ်းထောင်က ၎င်း၏ အကောာင်းဆုံး ရွေးချယ်စရာဖြစ်သည်ဟု ဆိုသည်။

"ဘယ်မှာမှ အကူအညီ ရှာလို့မရဘူးဗျာ။ ထောင်ထဲသွားနေဖို့က ကျွန်တော့်မှာရှိတဲ့ အကောင်းဆုံး စိတ်ကူးပဲ။ ဒါပေမဲ့ ကျွန်တော်က ဘာပြစ်မှုမှ မကျူးလွန်ချင်ဘူးလေ" ဟု မားကွက်ဇ်က စပိန်သတင်းဌာန EFE ကို ဖွင့်ဟပြောခဲ့သည်။ 

ဂရန်နာမြို့ ဇာတိဖြစ်သူ ကလေး (၅) ဦး၏ ဖခင် မားကွက်ဇ်မှာ ၎င်း၏ ကလေးများနှင့် မတွေ့ရ သို့မဟုတ် စကားမပြောရသည်မှာ လနှင့်ချီကြာပြီဟု ဆိုသည်။

မားကွက်ဇ်မှာ ယခင်က မူးယစ်ဆေးဝါး လက်ဝယ်ပိုင်ဆိုင်မှုဖြင့် ထောင် (၂) နှစ် ကျခံခဲ့ရဖူးသော်လည်း ဆယ်စုနှစ် (၃) ခုကြာ မည်သည့် ပြစ်မှုမှ ကျူးလွန်ခြင်းမရှိဘဲ ပြစ်မှုမှတ်တမ်းကင်းရှင်းနေခဲ့သူ ဖြစ်သည်။ 

၎င်း၏ အထီးကျန်မှုကို ဖြေရှင်းရန် အကျဥ်းထောင်ကသာ သိရှိထားသော ရွေးချယ်စရာ ဖြစ်နေခဲ့မှုကြောင့် မားကွက်ဇ်က ထောင်ထဲဝင်ခွင့်ပြုရန် ဆက်လက် တောင်းပန်နေခဲ့သည်။

မားကွက်ဇ်သည် ယခင်က စိတ်ကျန်းမာရေးစောင့်‌‌ရှောက်မှုဌာနများသို့ အကြိမ်အတော်များများ ရောက်ခဲ့သော်လည်း ၎င်းတို့က အကူအညီ မဖြစ်ခဲ့ဟု ဆိုသည်။

ထို့ကြောင့်လည်း မားကွက်ဇ်က ထောင်ထဲဝင်နေရန် နောက်ဆုံးတွင် ဆုံးဖြတ်ခဲ့သည်။ 

Alhaurín de la Torre အကျဥ်းထောင်က ၎င်းကို ဝင်ခွင့်ပြုရန် ငြင်းဆန်နေသော်လည်း ထောင်ထဲဝင်ခွင့်ရသည်အထိ ထောင်ဘူးဝ အပြင်ဘက်တွင် ဆက်လက် ဆန္ဒပြနေမည်ဖြစ်ပြီး နောက်ဆုံးတွင် ၎င်း၏အခြေအနေကို ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း မားကွက်ဇ်က ဆိုသည်။

#TachileikNewsAgency

Source: EL Espanol