ဆိုက်ဘေးရီးယား အေးခဲမြေလွှာအောက်တွင် နှစ်ပေါင်း (၄၆,၀၀၀) ကြာ ရှိနေခဲ့သည့် ပိုးကောင် ပြန်လည်အသက်ဝင်လာ

ဆိုက်ဘေးရီးယား အေးခဲမြေလွှာအောက်တွင် နှစ်ပေါင်း (၄၆,၀၀၀) ကြာ ရှိနေခဲ့သည့် ပိုးကောင် ပြန်လည်အသက်ဝင်လာ
ဇူလိုင် 30, 2023 | နိုင်ငံတကာသတင်း
By Mr John

 ကမ္ဘာပေါ်တွင် အမွေးရှည် ဆင်ကြီးများ၊ ရှည်ထွက်နေသည့် အစွယ်ကွေးပါ ကျားများနှင့် ကြီးမားသည့် သမင်များ ကျက်စားနေထိုင်ခဲ့သည့်ကာလဖြစ်သည့် လွန်ခဲ့သော နှစ်ပေါင်း (၄,၆၀၀၀) အချိန်က အေးခဲနေခဲ့သော တီကောင် သို့မဟုတ် သန်ကောင်ကဲ့သို့ ပိုးကောင်တစ်ကောင်ကို သိပ္ပံပညာရှင်များက ပြန်လည် အသက်သွင်းခဲ့သည်။

အရှည် (၁၃၁.၂) ပေ (၄၀ မီတာ) ရှိသော roundworm မျိုးစိတ် ပိုးကောင်ကို ဆိုက်ဘေးရီးယားဒေသ၏ အစဥ်အေးခဲနေသော မြေလွှာအောက်တွင် cryptosiosis ခေါ် ငြိမ်ငုပ်နေသော အခြေအနေဖြင့် တွေ့ခဲ့ရကြောင်း သုတေသနတွင် ပါဝင်ခဲ့သူ ဂျာမနီနိုင်ငံ Dresden မြို့ရှိ Max Planck Institute of Molecular Cell Biology and Genetics မှ ဂုဏ်ထူးဆောင် ပါမောက္ခ Teymuras Kurzchalia က ဆိုသည်။

Cryptobiosis အခြေအနေရှိ သက်ရှိများမှာ ရေ သို့မဟုတ် အောက်စီဂျင် လုံးဝမရှိခြင်းနှင့် အလွန့်အလွန် အေးခဲခြင်းကဲ့သို့ မြင့်မားသော အပူချိန်များ သို့မဟုတ် ဆားဓာတ် အလွန်များခြင်းတို့ကို ခံနိုင်ရည်ရှိကြသည်ဟု ဆိုသည်။ 

ထိုအချိန်တွင် သက်ရှိများမှာ "သေခြင်းနှင့် အသက်ရှင်ခြင်းကြား" အခြေအနေတစ်ခုတွင် ဆက်ရှိနေကြပြီး ၎င်းတို့၏ ဇီဝဖြစ်ပျက်မှုနှုန်းများမှာ စမ်းသပ်၍ မရနိုင်သော အဆင့်သို့ ကျဆင်းသွားကြောင်း ပါမောက္ခ Kurzchalia က ရှင်းပြသည်။

"အသက်ကို ရပ်တန့်နိုင်ပြီး အဲဒီနောက် အစကနေ ပြန်စနိုင်တယ်။ ဒါက အဓိက တွေ့ရှိမှုပါ" ဟု ၎င်းက ဆိုသည်။ 

ယခင်က cryptobiosis အခြေအနေမှ ပြန်လည်အသက်ဝင်ခဲ့သည့် အခြား သက်ရှိများမှာ ထောင်စုနှစ်များထက် ဆယ်စုနှစ်များကြာ အသက်ရှင်ခဲ့ကြကြောင်း ပါမောက္ခက ဖြည့်စွက်ပြောခဲ့သည်။ 

လွန်ခဲ့သည့် (၅) နှစ်က ရုရှားနိုင်ငံ မြေဆီလွှာသိပ္ပံဌာနရှိ Institute of Physicochemical and Biological Problems မှ သိပ္ပံပညာရှင်များက ဆိုက်ဘေးရီးယား အေးခဲမြေလွှာအောက်မှ roundworm မျိုးစိတ်ခုကို တွေ့ရှိခဲ့သည်။

ထိုစဉ်က တွေ့ရှိခဲ့သည့် ပိုးကောင်များအနက်မှ (၂) ကောင်ကို ရေဓာတ်ပြန်ဖြည့်တင်းပေးခြင်းဖြင့် ပြန်လည်အသက်သွင်းခဲ့ကြောင်းနှင့် ပိုးကောင် (၁၀၀) ခန့်ကို နောက်ထပ် လေ့လာဆန်းစစ်မှုများအတွက် ဂျာမနီနိုင်ငံရှိ ဓာတ်ခွဲခန်းသို့ သူမ၏ အိပ်ကပ်ထဲထည့်၍ ပို့ဆောင်ခဲ့ကြောင်း သုတေသီတစ်ဦးဖြစ်သူ Anastasia Shatilovich က ပြောသည်။

#TachileikNewsAgency

Source: CNN