သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဇလဲစခန်းနှင့် သံမိုးတောင်စခန်းတို့ကို KNLA နှင့် PDF ပူးပေါင်းတိုက်ခိုက်

သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဇလဲစခန်းနှင့် သံမိုးတောင်စခန်းတို့ကို KNLA နှင့် PDF ပူးပေါင်းတိုက်ခိုက်
By Tachileik News Agency

ပဲခူးတိုင်း၊ သံတောင်ကြီးမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ ဇလဲတပ်စခန်းနှင့် သံမိုးတောင်တပ်စခန်းတို့ကို KNLA တပ်မဟာ ( ၂ )တပ်ရင်း( ၅ )ပူးပေါင်း PDF တပ်များက တပြိုင်တည်း သွား‌ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၎င်းတပ်စခန်းများကို ၂၀၂၃ ခုနှစ်၊ ‌မေလ( ၁၈ )ရက်နေ့က တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ရာ ဇလဲတပ်စခန်းရှိ လက်နက်ကြီးကုန်း ပျက်စီးပြီး တဲများလည်း မီးလောင်ခဲ့ကြောင်း သိရသည်။

သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာရှိတော့ လူနာတင်ယာဉ်တွေ ဝင်သွားတာရှိတယ်။ တိုက်ပွဲက တစ်နာရီနီးပါးကြာတယ်။

ဟု KNLA တပ်မဟာ ( ၂ )တပ်ရင်း( ၅ )မှ ရဲဘော်တစ်ဦးက Tachileik News Agency ကို မေလ( ၁၉ )ရက်နေ့တွင် ပြောသည်။

အဆိုပါဒေသ၌ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ နေ့စဉ်ပစ်ခတ်မှုများဖြစ်ပွားနေပြီး မေလ( ၁၄ ) ရက်နေ့က မြသာကုန်းလမ်း၌ လူငယ်အမျိုးသားတစ်ဦး စစ်ကောင်စီတပ်စစ်ကြောင်းနှင့်တိုးကာ ပစ်သတ်ခံရပြီး မေလ ( ၁၆ )ရက်နေ့၊ ညနေပိုင်းတွင်လည်း သံမိုးတောင်ရွာလမ်းအား ဖြတ်သန်းလာသည့် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည့်အပြင် တောင်ပိုင်းရွာကိုလည်း မီးရှို့သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်တွေက ရွာထဲဝင်ပြီး နေအိမ်ကို မီးရှို့တယ်။ ဆန်တွေကိုဖျက်ဆီးသွားတယ်။ သူတို့ရှို့တဲ့မီးကြောင့် တောမီးလောင်ပြီးတော့ နှစ်ရှည်စိုက်ခင်းတွေ မီးလောင်သွားတယ်။

ဟု တောင်ပိုင်းရွာမှ ဒေသခံတစ်ဦးက Tachileik News Agency ကို မေလ ( ၁၉ )ရက်နေ့တွင်ပြောသည်။

စစ်ကောင်စီတပ်များ တောင်ပိုင်းရွာသို့ဝင်ရောက်စဉ် ဒေသခံများက ကြိုတင်ရှောင်ရှားနိုင်ခဲ့သဖြင့် အရပ်သားထိခိုက်မှုမရှိခဲ့သော်လည်း ယနေ့အထိ တိမ်းရှောင်နေရဆဲဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာတလျှောက်ဒေသများတွင် အရပ်သားနေအိမ်များမှ တန်ဖိုးရှိပစ္စည်းများကို ယူငင်ကာ နေအိမ်များကို မီးရှို့ခြင်းအပြင် အရပ်သားများအားတွေ့ပါက ဖမ်းဆီးကာ စစ်ကြောင်းတွင် လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်လေ့ရှိသဖြင့် စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာသည်ကို သတင်းရသည်နှင့် ဒေသခံများက တိမ်းရှောင်နေကြရခြင်းဖြစ်သည်။