ကန့်ဘလူမြို့နယ် ယမနေရွာ ပျူစောထီးစခန်းအား PDFတပ်များဝင်တိုက် လက်နက်ခဲယမ်းများရရှိပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ

ကန့်ဘလူမြို့နယ် ယမနေရွာ ပျူစောထီးစခန်းအား PDFတပ်များဝင်တိုက် လက်နက်ခဲယမ်းများရရှိပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ခြမ်း ဇီးကုန်းတိုက်နယ်၊ ယမနေရွာရှိ ပျူစောထီးစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ယနေ့ ၂၀၂၃ခုနှစ် သြဂုတ်လ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က လေကြောင်းမှ လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။  

အဆိုပါ ပျူစောထီးစခန်းအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်ပစ်ခတ်၍ ဗုံးကြဲခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။ 

ယမနေရွာ ပျူစောထီးစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီနှင့် ပျူစောထီး အများအပြား ထိခိုက်သေဆုံးပြီး စစ်လက်နက်အသုံးအဆောင်ပစ္စည်း တချို့အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က သိမ်းဆည်းရရှိခဲ့သည်ဟု ဒေသတွင်းသတင်းများဖော်ပြနေသည့် Infinity Groupထံမှ သိရသည်။

ယမနေရွာ ပျူစောထီးစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ကျွန်းလှမြို့မှ ထွက်ခွာလာသော အင်အား(၁၂၀)ဝန်းကျင်ရှိ စစ်ကောင်စီလက်အောက်ခံ ခမရ(၃၆၁)နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းတို့သည် ဇီးကုန်းတိုက်နယ်ဘက်သို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည်ဟုလည်း သိရသည်။ 

ယမနေရွာ ပျူစောထီးစခန်းကို အမှတ်(၁)စစ်ဒေသရှိ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးတပ် အမှတ်(၄)တပ်ရင်းနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : ကန့်ဘလူမြို့နယ်၌ စစ်ကောင်စီတပ်က ပျူစောထီးသင်တန်းပို့ချနေစဉ််(ပုံဟောင်း)