မုန်းမြို့တွင် စစ်ကောင်စီတပ်များမရှိတော့သဖြင့် လေကြောင်းမှပစ်ခတ်နေ

မုန်းမြို့တွင် စစ်ကောင်စီတပ်များမရှိတော့သဖြင့် လေကြောင်းမှပစ်ခတ်နေ

ပဲခူးတိုင်း မုန်းမြို့အတွင်း စစ်ကောင်စီတပ်များ မရှိတော့သဖြင့် ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် အရပ်သားများ ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။

မုန်းမြို့တွင် ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့ ညပိုင်းကစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များ မြို့အတွင်းတွင် မရှိတော့သဖြင့် တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခြင်း၊ ရဟတ်ယာဉ်မှ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

“မြို့နေလူထုကတော့ မြို့ထဲမှာပိတ်မိနေတယ်။ အပြင်ထွက်လို့မရသေးဘူး။ လေယာဉ်က လာကြဲနေတုန်းပဲ။ မုန်းမြို့ အမှတ်(၁)ရပ်ကွက် တံတားနားမှာတော့ ပစ်ခတ်မှုတွေပိုရှိနေတယ်။ ဖြစ်နေတာကတော့ နေရာပေါင်းစုံပဲ။ မနေ့ကညက ငြိမ်သွားပြီးတော့ ဒီနေ့ မနက်စောစောပိုင်းမှာ ဆက်ဖြစ်နေတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

လက်ရှိတွင် မုန်းမြို့အတွင်း စစ်ကောင်စီတပ်များ မရှိတော့ဘဲ တော်လှန်ရေးပူးပေါင်းတပ်များက မြို့အတွင်း စိုးမိုးထားသဖြင့် စစ်ကောင်စီတပ်က မုန်းမြို့တစ်မြို့လုံးကို လေကြောင်းမှ ပစ်ခတ်နေခြင်းကြောင့် တော်လှန်ရေးတပ်များကလည်း အောက်ခြေမှ ပြန်လည်ပစ်ခတ်နေခြင်းမျိုးသာရှိတော့ကြောင်း သိရသည်။

“စစ်တပ်ကမရှိတော့ဘူးလေ။ လေယာဉ်နဲ့ တစ်မြို့လုံးကို လိုက်ကြဲနေတာ။ သူတို့ကိုအောက်က ပြန်ပစ်တဲ့နေရာမျိုးကို လေယာဉ်ကလိုက်ကြဲတာ။ သူတို့စိတ်ထဲမှာ PDF တွေရှိလောက်မယ်ထင်တဲ့နေရာမျိုးကို လိုက်ကြဲနေတာ။ မြို့ထဲမှာ အကုန်လုံးကို သိမ်းထားပြီးပြီဆိုတော့ စစ်တပ်ကမရှိတော့ဘူး။ လေယာဉ်နဲ့ပဲ လာပစ်လို့ပဲရတော့တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။ 

လက်ရှိတွင် မုန်းမြို့အတွင်း ဖုန်းလိုင်းများ ပြတ်တောက်နေကာ MPT ဖုန်းတမျိုးတည်းသာ ရရှိနေပြီး စစ်ကောင်စီတပ်က ဗုံးလာကြဲပါက မြို့နေလူထုထိမှန်မည်စိုး၍ တော်လှန်ရေးတပ်များက လူထုကို အပြင်အထွက်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

“အုတ်ဖြတ်မှာ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ရှိတယ်။ အဲဒီနေကနေလည်း လက်နက်ကြီးတွေနဲ့ မုန်းဘက်ကို ပစ်နေတယ်။ အဲဒီလိုပစ်လို့ အရပ်သားတွေထဲ ကျတာတွေရှိတယ်။ လူတွေကလည်း အိမ်ထဲကနေ အပြင်ထွက်လို့မရဘူး။ လေယာဉ်တွေက အမြဲတမ်းလာနေတော့လေ ပိတ်မိနေတာ။ စနေနေ့ညကတည်းက ဘေးလွတ်ရာကို ရှောင်လို့မရဘူး။ မုန်းမှာက ပတ်ပတ်လည်ချောင်းက ကာထားတာ။ ချောင်းကိုဖြတ်လို့မရဘူးဖြစ်နေတယ်။ တချို့တွေကတော့ အပစ်ရပ်ရင် အပစ်နည်းတဲ့ဘက်ကို နည်းနည်းချင်းစီရွှေ့ပြောင်းကြရတယ်။ မုန်းမြို့အပြင်ဘက်ကို ပြောင်းလို့မရဘူး။ လေယာဉ်ငြိမ်တဲ့အချိန် အပစ်အခတ် ကျဲတဲ့နေရာကိုပဲရွှေ့ရတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

မုန်းမြို့ရှိ စစ်ကောင်စီတပ်၊ စစ်ဆေးဂိတ်၊ ရဲစခန်းတို့ကို KNLA ပေါင်းတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency