ကျောက်ကြီးမြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦးသေ ကလေးတစ်ဦးဒဏ်ရာရ

ကျောက်ကြီးမြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦးသေ ကလေးတစ်ဦးဒဏ်ရာရ

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် (၃)ရက်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး(၃၃)လုံး ပစ်ခတ်ခဲ့ရာ အရပ်သား(၂)ဦး သေဆုံးပြီး ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUဗဟိုက ယနေ့ ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ပိန်းဇလုပ်အခြေစိုက် ခလရ(၂၆၄)တပ်စခန်းသည် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၇)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျေးရွာများအတွင်းနှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီး (၃၃)လုံး ပစ်ခတ်ခဲ့ရာ အမျိုးသမီး(၂)ဦး သေဆုံးခဲ့ရပြီး အသက် (၄)နှစ်အရွယ် ကလေးငယ်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် နေအိမ်တစ်လုံးလည်း ပျက်စီးခဲ့ရသည့်အပြင် စစ်ကောင်စီတပ်က ဒေသခံ (၄)ဦးအား အကြောင်းမဲ့ ဖမ်းဆီးထားကာ (၂)ဦးကိုသာ ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် (၁၂၀)မမ လက်နက်ကြီးများဖြင့် တောင်ခင်ကျေးရွာသို့(၂)လုံး၊ အလယ်ကျေးရွာသို့ (၅)လုံး၊ ငဖယ်အင်းကျေးရွာသို့ (၃)လုံး၊ သူဌေးကုန်းကျေးရွာသို့ (၈၁)မမ လက်နက်ကြီး (၁၀)လုံး၊ (၁၅၅)မမ လက်နက်ကြီးများဖြင့် လှေတန်းကျွန်းကြီးကျေးရွာသို့ (၄)လုံး၊ ကညင်ကျိုးကျေးရွာသို့ (၂)လုံး၊ ရေတွင်းကုန်းကျေးရွာသို့ (၂)လုံး ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် ရေတွင်းကုန်းကျေးရွာအတွင်းသို့ (၈၁)မမ လက်နက်ကြီး (၃)လုံးပစ်ခတ်ခဲ့ပြီး နတ်တလင်းကျေးရွာမှ မြို့ပေါ်သို့ ဈေးဝယ်ရန်သွားသည့် မောင်ယဉ်ထွေး၊ မောင်စိုးမင်းသူ၊ မောင်လင်းလင်းထွန်း၊ ဒဝယ်ပေါက်တို့အား အကြောင်းမဲ့ ဖမ်းဆီးခဲ့ကာ မောင်ယဉ်ထွေးနှင့် ဒဝယ်ပေါက် (၂)ဦးကိုသာ ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာလ (၁၉)ရက်နေ့တွင် စစ်ကောင်စီတပ်များသည် ဘာဘူကုန်းကျေးရွာမှနေ၍ သူဌေးကုန်းကျေးရွာတွင်းသို့ လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့ရာ ဒေါ်ညို၏ နေအိမ်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ရာ နေအိမ်ပျက်စီးခဲ့ရသည့်အပြင် ဒေါ်ညို(၆၇)နှစ်မှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးပြီး သမီးဖြစ်သူ မအိ(၃၇)နှစ်မှာလည်း ကျောက်တံခါးဆေးရုံတွင် ထပ်မံသေဆုံးခဲ့ရကာ မြေးဖြစ်သူ မပုံပုံ(၄)နှစ်၏ ခြေနှစ်ချောင်းတွင် လက်နက်ကြီးအစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU