ကနီမြို့နယ်အတွင်း ချောင်းမကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲပစ်ခတ်၍ ဆောက်အဦးများ ထိခိုက် ပျက်စီးကာ ဒေသခံတစ်ဦး ဒဏ်ရာရ

ကနီမြို့နယ်အတွင်း ချောင်းမကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲပစ်ခတ်၍ ဆောက်အဦးများ ထိခိုက် ပျက်စီးကာ ဒေသခံတစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ချောင်းမစံပြကျေးရွာကို အာဏာသိမ်း စစ်ကောင်စီတပ်က  ၂၀၂၃ခုနှစ် မေလ(၁၇)ရက်နေ့၏ နေ့လည်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲပစ်ခတ်ခဲ့၍ နေအိမ်နှင့် စာသင်ကျောင်း ပျက်စီးကာ ဒေသခံတစ်ဦး ဒဏ်ရာရကြောင်း သိရသည်။

စစ်ကောင်စီတပ်က ချောင်းမစံပြကျေးရွာကို နေ့လည် (၃)နာရီဝန်းကျင်တွင် တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံး (၇)လုံးကြဲချရာ ဒေသခံနေအိမ် ( ၂ )လုံးနှင့် စာသင်ကျောင်းတို့ ပျက်စီးပြီး ဒေသခံတစ်ဦး ဗုံးစရှပ်ထိမှန် ဒဏ်ရာရသည်ဟု သိရသည်။

"ပထမ တိုက်လေယာဉ်တစ်စီးနဲ့ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းကြားကို ဗုံးသီးအတွဲလိုက်ချလို့ စာသင်ကျောင်းတစ်ကျောင်းပျက်စီးသလို ဘုန်းတော်ကြီးကျောင်းအပါဝင် အုပ်တံတိုင်းတွေပါပျက်စီးခဲ့ပါတယ်။ နောက်ပြီးကျေးရွာက အိမ်အချို့ပျက်စီးခဲ့တယ်။ ဒေသခံတစ်ဦးလည်း ဗုံးစရှပ်ထိမှန်ခဲ့တာလည်းရှိတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

စစ်ကောင်စီတပ်၏ တိုက်လေယာဉ်သည် ချောင်းမရွာကို နှစ်ပတ် ပတ်၍ ဗုံးကြဲခြင်း၊ ဒုတိယ‌ တိုက်လေယာဉ်သည် ရွာအနောက်ဖျားမှ တောစပ်နှင့် မှန်တောင်ဘုရားကြားကို ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။ 

စစ်ကောင်စီတပ်က ဗုံးကြဲမတိုက်ခိုက်မီ ချောင်းမစံပြရွာအရှေ့ဘက်ရှိ လယ်ရှည်ရွာ၌ စစ်ကောင်စီ စစ်ကြောင်းရောက်နေခြင်းကြောင့် ဒေသခံများတိမ်းရှောင်နေကြရသဖြင့် ဗုံးကြဲချိန်တွင် ထိခိုက်မှု ကြီးကြီးမားမားမရှိခဲ့ဟု သိရသည်။

"ဒေသခံတွေအများကြီး အခုချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ နေရပ် မပြန်နိုင်သေးပါဘူး။"ဟု ကနီဒေသကာကွယ်ရေးတပ်ဖွဲ့က Tachileik News Agency ကိုပြောသည်။

မေလ(၁၅)ရက်ကလည်း မင်းမရွာအနောက်တောင်ခြမ်း၌ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က ဗုံးများကြဲချခဲ့သဖြင့် ဒေသခံများ၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့သေးသည်။