လွယ်ပွတ်ရွာရှိ နေအိမ်ကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီးချဖျက်ဆီးပြီးနောက် တော်လှန်ရေးတပ်များ ခိုလှုံနေခြင်းကြောင့်ဟု သတင်းအမှားဖြန့်

လွယ်ပွတ်ရွာရှိ နေအိမ်ကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီးချဖျက်ဆီးပြီးနောက် တော်လှန်ရေးတပ်များ ခိုလှုံနေခြင်းကြောင့်ဟု သတင်းအမှားဖြန့်
ဖေဖော်ဝါရီ 18, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် လွယ်ပွတ်ရွာရှိ ဒေသခံတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီးချ ဖျက်ဆီးပြီးနောက် တော်လှန်ရေးတပ်များ ခိုလှုံနေခြင်းကြောင့်ဟုဆိုကာ သတင်းမှားဖြင့် ဝါဒဖြန့်လာသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် စစ်ကောင်စီတပ်သည် လွယ်ပွတ်ရွာရှိ ဒေသခံတစ်ဦး၏ နေအိမ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးနောက် PNLA၊ KNDF အင်အား(၅၀)ကျော်ခန့် ရောက်ရှိနေသဖြင့် ဒရုန်းဖြင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ဝါဒဖြန့်လာကာ ဒေသခံများကမူ မဟုတ်မမှန်ဝါဒဖြန့်သည်ဟု ဆိုသည်။

“စကစဘက်ကဖြန့်တဲ့သတင်းတွေက ဘာတစ်ခုမှ မှန်တာမရှိပါဘူး။ ဟုတ်ပါတယ် ဒေသခံနေအိမ်ပါပဲ။ အဲဒီနေ့ မရောက်ခင် ဗုံးမကြဲခင်ညက စစ်ကောင်စီဘက်က ပေါ်တာဝင်ဆွဲတယ် PNOနဲ့ ပေါင်းပြီး။ စစ်ကောင်စီဘက်က ဖြန့်တာတော့ ပြည်သူ့နေအိမ်ကို PNLOဘက်က ဝင်ခိုးတယ်လို့ ဖြန့်ထားတယ်။ အဲဒါမှားနေတယ်။”ဟု လွယ်ပွတ်ရွာ ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီလော်ဘီများ၏ တယ်လီဂရမ်ချန်နယ်များတွင် ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအစွန်ရှိ ခြံဝန်းတစ်ခုအား Suicide Drone၊ Drop Bomb များဖြင့် ဖေဖော်ဝါရီလ (၁၇)ရက်နေ့ မနက်(၉)နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က တိုက်ခိုက်ချေမှုန်းခဲ့သည်ဟု ဝါဒဖြန့်ထားသည်။ 

အဆိုပါတိုက်ခိုက်မှုကြောင့် PNLA တပ်ဖွဲ့ဝင် (၁၈)ဦးခန့်နှင့် KNDF တပ်ဖွဲ့မှ (၁၃)ဦးခန့် သေဆုံးခဲ့ပြီး (၁၆)ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် သေဆုံးအလောင်းများနှင့် ဒဏ်ရာရရှိသူများကို 4wheel ကားများဖြင့် သယ်ဆောင်သွားသည်ဟု ဝါဒဖြန့်ထားသည်။ 

နေအိမ်အတွင်းရှိ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် စစ်ကောင်စီတပ်၏ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူမရှိခဲ့ဟု သိရသည်။ 

"သတင်းမှားဖြန့်တာပါ ကျွန်တော်တို့တပ်တွေ အဲဒီနားမှာမရှိဘူး။"ဟု PNLO တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီ၏ ခမရ(၄၂၅)နှင့် (၄၂၆)တပ်များသည် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်နေ့ ညပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဆီဆိုင်မြို့နယ် ဘန်းယဉ်မြို့ရှိ ပအိုဝ်းကျေးရွာများကို လက်နက်ကြီးနှင့်ပစ်ခတ်ရာ ကလေးတစ်ဦးအပါအဝင် (၂)ဦးသေဆုံးခဲ့သည်။ 

စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်များသည် ယမန်နေ့ညပိုင်းက တပ်အတွင်း၌ လက်နက်ငယ်များဖြင့် ပစ်ဖောက်ပြီးနောက် ထမ်းယံကျေးရွာနှင့် ထီတမ်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း သိရသည်။

အဆိုပါ ပစ်ခတ်ခြင်းကြောင့် ထမ်းယံကျေးရွာမှ (၆)လသားအရွယ် ကလေးငယ်တစ်ဦးနှင့် ထီတမ်ကျေးရွာမှ အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး ကလေးငယ်၏ မိဘ(၂)ပါးလည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ထီတမ်ကျေးရွာမှာ ဒေသခံ(၂)ဦးနှင့် ထမ်းယံကျေးရွာမှ ဒေသခံ(၅)ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ်များသည် မဲနယ်တောင်ဒေသ ကျောက္ကဆျား၊ လုံးဟီးနှင့် စငေါ ကျေးရွာများဘက်သို့လည်း လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency