ရုရှားကို တန်ပြန်ထိုးစစ်ဆင်ရန် အသင့်ဖြစ်နေပြီဟု ယူကရိန်းသမ္မတ ဇီလန်းစကီး ပြောကြား

ရုရှားကို တန်ပြန်ထိုးစစ်ဆင်ရန် အသင့်ဖြစ်နေပြီဟု ယူကရိန်းသမ္မတ ဇီလန်းစကီး ပြောကြား
By Mr John

 ယူကရိန်းက ရုရှားသိမ်းပိုက်ထားသည့် နယ်မြေများကို ပြန်လည်သိမ်းပိုက်ရယူရန် တန်ပြန်ထိုးစစ် စတင်ရန် အသင့်ဖြစ်နေပြီဟု သမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ၂၀၂၃ခုနှစ် ဇွန်လ (၃) ရက်နေ့က အင်တာဗျူးတစ်ခုတွင် ပြောကြားလိုက်သည်။ 

"ဘယ်လောက် အချိန်ကြာမယ်ဆိုတာ ကျွန်တော်မသိပါဘူး။ အမှန်အတိုင်း ပြောရရင် နည်းလမ်းမျိုးစုံနဲ့သွားနိုင်ပါတယ်။ လုံးဝ ကွဲပြားခြားနားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒါကိုလုပ်တော့မှာပါ။ ကျွန်တော်တို့ အသင့်ပါပဲ။ ကျွန်တော်တို့ အောင်မြင်မယ်လို့ အခိုင်အမာ ယုံကြည်ထားပါတယ်" ဟု ယူကရိန်းသမ္မတ ဇီလန်းစကီးက Wall Street Journal ကို ပြောခဲ့သည်။

နယ်မြေများ ပြန်လည်သိမ်းပိုက်ရန် တန်ပြန်ထိုးစစ်မှုက စစ်ပွဲပုံစံကို အပြောင်းအလဲဖြစ်စေမည်ဟု ယူကရိန်းက မျှော်လင့်ထားသည်။

ရုရှားက ၎င်း၏အိမ်နီးချင်း ယူကရိန်းကို ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့တွင် ကျူးကျော်ခဲ့မှုနှင့်အတူ စတင်ခဲ့သည့် စစ်ပွဲမှာ (၁၅) လကြာပြီ ဖြစ်သည်။ 

ယူကရိန်းအနေဖြင့် တန်ပြန်ထိုးစစ် မစတင်မီ အနောက်အုပ်စုံထံမှ နောက်ထပ် သံချပ်ကာ ယာဥ်များ ရောက်ရှိလာမည်ကို စောင့်ဆိုင်းရန်လိုအပ်နေကြောင်း ပြီးခဲ့သည့် လအတွင်း သမ္မတဇီလန်းစကီးက ပြောထားသည်။

ရုရှားက ယူကရိန်း၏ အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းရှိ နယ်မြေများကို ကျူးကျော်သိမ်းပိုက်ထားသည်။ 

ယူကရိန်း၏ နေရာဒေသအချို့တွင် ရာသီဥတုခြောက်သွေ့နေရာ တန်ပြန်ထိုးစစ် စတင်တော့မည်ဟု ခန့်မှန်းမှုများ ထွက်ပေါ်နေခဲ့သည်။ 

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ယူကရိန်းက ရုရှား၏ ခဲယမ်းသိုလှောင်ရုံများနှင့် ပို့ဆောင်ရေးလမ်းကြောင်းများကို တိုက်ခိုက်မှု အရှိန်မြှင့်ခဲ့ကြောင်းလည်း သိရသည်။

ယူကရိန်းစစ်တပ်၏ ဇွန်လ (၃) ရက်နေ့ နေ့စဥ် သတင်းထုတ်ပြန်ချက်အရ Donetsk နယ်မြေရှိ Mariinka မြို့တွင် တိုက်ခိုက်မှုများ အဓိက ဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။ 

ထိုမြို့တွင် ယူကရိန်းတပ်ဖွဲ့များက ရုရှားတပ်ဖွဲ့များ၏ တိုက်ခိုက်မှု (၁၄) ကြိမ်လုံးကို တွန်းလှန်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်က ဆိုသည်။

 

Source: Reuters