တာချီလိတ်မြို့တွင် လူကြီးလမ်းကြောင်းရှိ၍ဟုဆိုကာ လမ်းဘေးဈေးသည်များကို ဈေးရောင်းချခွင့် စည်ပင်က တစ်ရက် ပိတ်ပင်

တာချီလိတ်မြို့တွင် လူကြီးလမ်းကြောင်းရှိ၍ဟုဆိုကာ လမ်းဘေးဈေးသည်များကို ဈေးရောင်းချခွင့် စည်ပင်က တစ်ရက် ပိတ်ပင်
မေ 10, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် လူကြီးလမ်းကြောင်းရှိ၍ဟုဆိုကာ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက်ရှိ လမ်းဘေးဈေးသည်များကို ယနေ့ တစ်နေ့တာ ဈေးရောင်းချခြင်း မပြုလုပ်ရန် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက အသိပေး တားမြစ်ထားကြောင်း သိရသည်။

"လူကြီးလာမယ်လို့ပြောတာပဲ။ မနေ့ကတည်းက စည်ပင်က လာပြောတာ ဒီနေ့ မဖွင့်ရဘူးလို့"ဟု ဈေးသည်တစ်ဦးက ယနေ့ မေလ(၁၀)ရက်နေ့တွင် ပြောသည်။

လူကြီးခရီးစဉ်ရှိ၍ဟုဆိုကာ ယနေ့ ၂၀၂၃ခုနှစ် မေလ(၁၀)ရက်နေ့ နံနက်ကနေ ညအထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက် ဈေးရောင်းချခြင်း မပြုလုပ်ရန် လမ်းဘေးဈေးသည်များအားလုံးကို မေလ(၉)ရက်နေ့က လိုက်လံပြီး အသိပေး တားမြစ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

"မနက်က အာခါဈေး မနက်ပိုင်းရောင်းနေကျ ဈေးသည်တွေ မတွေ့ဘူး။ ခါတိုင်းဆိုရင် မိန်းလမ်းမပေါ်မှာ ကြက်ကြော်သည်တွေ မုန့်ဟင်းခါးသည်တွေရှိတယ် အခုမနက် မရှိဘူး။ သူငယ်ချင်းတယောက် တံတား (၂)မှာ ရောင်းတာ ဒီည မရောင်းရဘူးတဲ့ လူကြီးလာမှာမို့လို့တဲ့ အဲ့လိုပြောတယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင် ပြည်ထောင်စုဝန်ကြီး နှင့် ရဲချုပ်ခရီးစဉ်များလည်းရှိနေပြီး ရဲချုပ်မှာ ထိုင်းနိုင်ငံ ချင်းရိုင်းမြို့သို့ တာချီလိတ်ကနေ တဆင့် သွားရောက်ပြီး အစည်းအဝေး တက်ရောက်နေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ပြည်နယ်ဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုအဆင့် ဝန်ကြီးများ လာရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက်ရှိ လမ်းဘေးဈေးဆိုင်များအားလုံးမှာ ဈေးရောင်းချခွင့်များ ပိတ်ပင်ခံရလေ့ရှိသည်မှာ တခါတရံတွင် (၃)ရက် ဆက်တိုက် ပိတ်ပင်ခံရမှုများလည်း ရှိခဲ့သည်။