တာချီလိတ်မှ ကျိုင်းတုံသို့ ပြန်သည့် ဆိုင်ကယ်စီး အမျိုးသား(၂)ဦး မိုင်းဖြတ်မြို့တွင် ကားနှင့်တိုက်မိပြီး (၁)ဦး သေဆုံး 

Photo: မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်း
Photo: မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်း
တာချီလိတ်မှ ကျိုင်းတုံသို့ ပြန်သည့် ဆိုင်ကယ်စီး အမျိုးသား(၂)ဦး မိုင်းဖြတ်မြို့တွင် ကားနှင့်တိုက်မိပြီး (၁)ဦး သေဆုံး 

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်အတွင်း ဆွပ်ပလောင်းကျေးရွာအဝင်အကွေ့တွင် တာချီလိတ်မှ ကျိုင်းတုံသို့ ပြန်သည့် ဆိုင်ကယ်(၁)စီး ကားနှင့်တိုက်မိပြီး ဆိုင်ကယ်စီးလာသူ(၂)ဦးအနက် (၁)ဦးမှာ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားကြောင်း သိရသည်။

ယနေ့ ၂၀၂၃ခုနှစ် မေလ(၅)ရက်နေ့တွင် တာချီလိတ်မြို့မှ ကျိုင်းတုံသို့ ဆိုင်ကယ်ဖြင့် ပြန်လာသည့် ကိုအောင်ဖြိုး နှင့် ကိုဂျိုဟေ့(ခ)ဂျွန်ပေါ တို့ (၂)ဦးသည် မိုင်းဖြတ်မြို့နယ်အတွင်း၊ ဆွပ်ပလောင်းကျေးရွာအဝင် အကွေ့တွင် ကားနှင့်တိုက်မိပြီးနောက် ကားမှာ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာသို့ မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်း၊ သင်္ဂဟလူမှုကူညီရေးအသင်း(မိုင်းဖြတ်) နှင့် တာချီလိတ်မြို့မှ ရွှေမယ်ယန်း(ပရဟိတ) လူမှုကူညီရေးတို့ ရောက်ရှိပြီး ဒဏ်ရာရရှိသူ (၂)ဦးကို မိုင်းဖြတ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

မိုင်းဖြတ်ဆေးရုံမှတဆင့် ကျိုင်းတုံဆေးရုံသို့ မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်းက ဆက်လက်ပို့ဆောင်ရာ လူနာ(၂)ဦးအနက် ကိုဂျိုဟေ့(ခ)ဂျွန်ပေါသည် ကျိုင်းတုံဆေးရုံသို့ မရောက်မီ လမ်းတွင် သေဆုံးသွား၍ ၎င်း၏ ရုပ်အလောင်းအား ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။



ယာဉ်တိုက်မှုကြောင့် ဒဏ်ရဦရရှိသူ နှင့် သေဆုံးသူတို့မှာ ကျိုင်းတုံမြို့ ၊ နောင်ကုန်ကျေးရွာအုပ်စု အတွင်း ကျိုင်းလိတ်ကျေးရွာတွင် နေကြသူများဖြစ်ကြောင်း သိရသည်။



ကျိုင်းတုံ - တာချီလိတ် သွားလမ်းပေါ် မိုင်းဖြတ်မြို့နယ်အတွင်း၌ ယခု၂၀၂၃ခုနှစ် ဧပြီလ (၂၁)ရက်နေ့ကနေ မေလ(၅)ရက်နေ့အထိ အကြီးစား ယာဉ်တိမ်းမှောက်မှု (၃)ကြိမ် နှင့် ယာဉ်တိုက်မှု(၁)ကြိမ် ဖြစ်ပွားခဲ့ရာတွင် စုစုပေါင်း သေဆုံးသူ (၇)ဦး နှင့် ဒဏ်ရာရရှိသူ (၂၈)ဦးအထိ ရှိခဲ့သည်။