မိုင်းဆတ်မြို့တွင် ခရီးသွားရာဇဝင်မရှိဘဲ အနံ့ပျောက်ပြီး Covid-19 တွေ့ရှိနေ၍ သံသယရှိသူများ ဆေးရုံသို့ သွားရောက် စစ်ဆေးနိုင်

မိုင်းဆတ်မြို့တွင် ခရီးသွားရာဇဝင်မရှိဘဲ အနံ့ပျောက်ပြီး Covid-19 တွေ့ရှိနေ၍ သံသယရှိသူများ ဆေးရုံသို့ သွားရောက် စစ်ဆေးနိုင်
ဇူလိုင် 27, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့တွင်  ဇူလိုင်လ(၂၆)ရက်နေ့ နံနက်က Covid-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရသည့် အသက်(၆၁)နှစ်ရှိ အမျိုးသမီးတစ်ဦးနှင့် ပတ်သက်၍ ဇူလိုင်လ(၁၈)ရက်နေ့က စ၍ ထိတွေ့မိခဲ့သူများရှိပါက ကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး Covid-19 စစ်ဆေးမှု ခံယူစေလိုကြောင်း အသိပေးထားသည်။

ဇူလိုင်လ(၂၆)ရက်နေ့ နံနက်ပိုင်းက Covid-19 ပိုးတွေ့ရှိရသည့် အသက်(၆၁)နှစ်အရွယ်ရှိ အမျိုးသမီးသည် မိုင်းဆတ်မြို့၊ မြို့သစ်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၎င်းသည် ဇူလိုင်လ(၁၈)ရက်နေ့ကတည်းက ဖျားပြီး အနံ့အရသာ ပျောက်နေသူတစ်ဦးဖြစ်ကြောင်း ဇူလိုင်လ(၂၆)ရက်နေ့တွင် စစ်ဆေးမေးမြန်းမှုများအရ သိရကြောင်း သိရသည်။

၎င်းနှင့် လွန်ခဲ့သည့် တစ်ပတ်အတွင်း ထိတွေ့မှု ရှိခဲ့သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်စေလိုပြီး Covid-19 နှင့် ပတ်သက်၍ လက္ခဏာတစ်စုံတစ်ရာ ပြလာသည်ဖြစ်စေ၊ မိမိကိုယ်ကိုကိုယ် သံသယဖြစ်ပေါ်လာသည်ဖြစ်စေ ဆေးရုံသို့ လာရောက်စစ်ဆေးနိုင်သည်ဟု မိုင်းဆတ်မြို့မှ တာဝန်ရှိသူများက အသိပေးထားသော်လည်း အသက်(၆၁)နှစ်အရွယ် အမျိုးသမီး၏ အမည်ကိုတော့ ထုတ်ဖော် ပြောကြားခြင်းမရှိပေ။

 

"မိုင်းဆတ်မှာ ပြီးခဲ့တဲ့ ရက်က ပိုးတွေ့တဲ့ သူတွေက အနံ့ပျောက်နေသူတွေ ပါတယ်၊ ဟိုတလောတုန်းကလည်း စစ်တပ်က အရာရှိတစ်ယောက်မှာလည်း ပိုးတွေ့တာ နောက်ပိုင်း အဲ့လူနဲ့ပတ်သက်ပြီးတော့လည်း ထိတွေ့တွေလည်း မသိရဘူး။ ဘယ်လိုတွေ လုပ်လည်းတော့မသိဘူး။ ဘာဘဲ ဖြစ်ဖြစ် မိုင်းဆတ်မှာ ကိုဗစ် မပြန့်ဖို့ ထိန်းချုပ်နိုင်ဖို့ သွားစစ်ဖို့လိုတယ်"ဟု မိုင်းဆတ်ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



မိုင်းဆတ်မြို့တွင်  Covid-19 ကူးစက်ခံထားရသူနှင့်အတူ ဝါဆိုလပြည့်နေ့က ဓမ္မစကြာရွတ်ဖတ်ခဲ့သည့် အဖွဲ့အား   ဇူလိုင်လ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် RDT Test Kit ဖြင့် Covid-19 စစ်ဆေးရာက  ရောဂါပိုး ကူးစက်ခံရသူ (၅)ဦး ထပ်တိုးတွေ့ရှိခဲ့ရာတွင် ဇူလိုင်လ(၁၈)ရက်နေ့ကတည်းက အနံ့ပျောက်နေသည့် အသက်(၆၁)နှစ်အရွယ် အမျိုးသမီး ပါဝင်နေသည်ဟု သိရသည်။

  

မိုင်းဆတ်မြို့တွင်  ဇူလိုင်လ(၂၆)ရက်နေ့အထိ Covid-19 ကူးစက်ခံသူ စုစုပေါင်း (၂၀)ဦးအထိ ရှိနေကြောင်း သိရသည်။ 

#TachileikNewsAgency